ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် လက်ရွေးစင်အသင်းပွဲများတွင် ပရိသတ်များ ကွင်းထဲ ဝင်ခွင့်ပေးလိုက်ပြီဟု ယူအီးအက်ဖ်အေ ကြေညာ

ယူအီးအက်ဖ်အေက ယူအီးအက်ဖ်အေကကြီးမှူးကျင်းပသည့် ကလပ်နှင့် နိုင်ငံအသင်းပွဲစဉ်များတွင် ပရိသတ်များ ကွင်းအတွင်းသို့ ဝင်ရောက်ကြည့်ခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။

ယူအီးအက်ဖ်အေသည် ၎င်းတို့ကြီးမှူးကျင်းပသည့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် UEFA Nations League ပွဲစဉ်များ ပရိသတ်များအား ကွင်းအတွင်း ဝင်ကြည့်ခွင့် ပေးလိုက်ခြင်းလည်း ဖြစ်သည်။ သို့ရာတွင် သက်ဆိုင်ရာ ကလပ်နှင့် နိုင်ငံအသင်းတို့အနေဖြင့် ဒေသတွင်း အာဏာပိုင်တို့၏ ထောက်ခံခွင့်ပြုချက် ရရှိရန် လိုအပ်နေပြီး ခွင့်ပြုချက် ရရှိပါကလည်း ကွင်းပရိသတ်ဆန့်ပမာဏ၏ ၃၀ ရာခိုင်နှုန်းအထိသာ ဝင်ကြည့်ခွင့်ပေးမည် ဖြစ်သည်။ အကယ်၍ ပွဲကစားရာ ဧရိယာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေ၍ ဒေသခံ အာဏာပိုင်က ခွင့်ပြုခြင်း မရှိပါက ကွင်းအတွင်း ပရိသတ် ဝင်ကြည့်ခွင့်ပေးမည် မဟုတ်ချေ။

ယူအီးအက်ဖ်အေသည် ဘိုင်ယန်မြူးနစ်က ဆီဗီလာကို အနိုင်ရရှိသည့် ယူအီးအက်ဖ်အေစူပါဖလားပွဲတွင် ကွင်းအတွင်းသို့ ပရိသတ် ၁၅၀၀၀ ဝန်းကျင်ကို ဝင်ကြည့်ခွင့်ပေးကာ စမ်းသပ်မှု ပြုလုပ်ပြီးနောက် လာမည့် နိုင်ငံအသင်းပွဲစဉ်များ၊ ချန်ပီယံလိဂ်ပွဲစဉ်များနှင့် ယူရိုပါလိဂ် ပွဲစဉ်များတွင် ပရိသတ်များအား ဝင်ကြည့်ခွင့် ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယူအီးအက်ဖ်အေသည် ယူအီးအက်ဖ်အေ စူပါဖလားပွဲကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်မားနေသည့် ဘူဒါပတ်စ်တွင် ပရိသတ်များကို ကွင်းအတွင်း ဝင်ကြည့်ခွင့်ပေးကာ စမ်းသပ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိ၍ ယခုကဲ့သို့ ဆုံးဖြတ်လာခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ယူအီးအက်ဖ်အေက ကွင်းအတွင်း ပရိသတ် ဝင်ကြည့်ခွင့်ပေးရန် ဆုံးဖြတ်လိုက်မှုက ကလပ်များအတွက် ဝင်ငွေ မြင့်မားရေး မျှော်လင့်ချက် ရှိလာပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် ဂျာမနီနှင့် ပြင်သစ်တို့တွင် ပရိသတ် ဝင်ကြည့်ခွင့် ပေးထားရာ ယင်းမှ ပရိသတ်များအနေဖြင့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် နိုင်ငံအသင်းပွဲစဉ်များကို ကြည့်ခွင့်ရတော့မည် ဖြစ်သည်။ သို့ရာတွင် ဗြိတိန်တွင်မူ အစိုးရက ကွင်းအတွင်း ပရိသတ် ဝင်ရောက်ခွင့် ပေးဦးမည်မဟုတ်ဟု ကြေညာထားရာ ပရိသတ်များမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် နိုင်ငံအသင်းပွဲစဉ်များကို ဝင်ကြည့်ခွင့်ပေးရဖွယ် မရှိသေးချေ။ သို့ရာတွင် ပရီးမီးယားလိဂ်ကလပ်များသည် ကွင်းအတွင်း ပရိသတ်ဝင်ခွင့်ပေးရေး ကြိုးပမ်းနေရာ ယခုကဲ့သို့ ယူအီးအက်ဖ်အေက ခွင့်ပြုချက်ပေးလာမှုကြောင့် ကွင်းသို့ ပရိသတ်များကို ခေါ်ရေး မျှော်လင့်ချက် လင်းလက်လာပြီ ဖြစ်သည်။

Facebook Comments Box
Facebook Comment