ချန်ပီယံလိဂ်အိပ်မက် နီးစပ်လာပြီဟု ပီအက်စ်ဂျီဥက္ကဋ္ဌ ဖွင့်ဟ

ပီအက်စ်ဂျီအသင်းအား မိမိတို့စတင်ဝယ်ယူစဉ်ကတည်းက ထားရှိသောအိပ်မက်မှာ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ရေးဖြစ်ပြီး ၉ နှစ်အကြာတွင် အဆိုပါအိပ်မက် အကောင်အထည်ပေါ်လာရန် နီးစပ်လာပြီဟု အသင်းဥက္ကဋ္ဌ အယ်ခီလိုင်ဖီက ပြောကြားလိုက်သည်။

အယ်ခီလိုင်ဖီ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် Qatar Sports Investments သည် ကာတာအ စိုးရ ကျောထောက်နောက်ခံပြု စီးပွားရေးလုပ်ငန်းစုဖြစ်ပြီး ငွေကြေးအင်အားတောင့်တင်းသည်။ QSI သည် ၂၀၁၁ ခုနှစ်တွင် Canal+၊ Colony Capital တို့ထံမှ ပီအက်စ်ဂျီအသင်းအား ဝယ်ယူကာ ငွေအလုံးအရင်းသုံးစွဲပြီး အောင်မြင်မှုများရယူရန် ကြိုးစားခဲ့သည်။

ထိုအချိန်မှစ၍ ကွမ်ဘူရေး၊ အန်ဆလော့တီ၊ လောရင့်ဘလန့်၊ အူနိုင်းအမ်မရီစသည့် နည်းပြအ ဆက်ဆက်လက်ထက် ပြည်တွင်းအောင်မြင်မှုများရယူနိုင်သော်လည်း ချန်ပီယံလိဂ်တွင်မူ အောင် မြင်မှုရယူ နိုင်ခြင်းမရှိပေ။

ထို့ကြောင့်လည်း နည်းပြအဆက်ဆက် အလုပ်ထုတ်ခံရကာ လက်ရှိနည်းပြ သောမတ်စ်တူချယ်လက်ထက်ကျမှသာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့သည်။

QSI ၏ ပိုင်ဆိုင်မှုအောက် ကျရောက်ခဲ့ပြီးနောက် ပီအက်စ်ဂျီသည် ငွေသုံးအကြမ်းဆုံး ကလပ်အ သင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး အီဘရာဟီမိုဗစ်၊ သီယာဂိုဆေးလ်ဗား၊ ကာဗာနီ၊ ဒေးဗစ်လူးဝစ်ဇ်၊ နေမာ၊ အမ်ဘာပီ၊ ဒီမာရီယာ၊ အိုင်ကာဒီတို့လို ထိပ်တန်းကစားသမားများအပါအဝင် အခြားက စားသမားများအတွက် အသုံးပြုခဲ့သည့် အပြောင်းအရွှေ့စရိတ်က ပေါင် ၁ ဘီလျံနီးပါး(အချို့က ထိုထက်ပင်များပြားသည်ဟု ဖော်ပြ)အထိရှိသည်။

သို့သော် ကာတာပိုင်ရှင်များ၏အိပ်မက် ချန်ပီယံလိဂ်ဖလားပိုင်ဆိုင်ရေးက ဖြစ်ပေါ်လာခြင်းမရှိဘဲ ဒေါ့မွန်နည်းပြဟောင်း တူချယ်လက်ထက်ကျမှသာ ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ထားသည်။

ပီအက်စ်ဂျီသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၁၉၉၅ ခုနှစ်က ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခြင်းက အမြင့်ဆုံးအောင်မြင်မှုဖြစ်ခဲ့ပြီး မနက်ဖြန် သြဂုတ်လ ၂၃ ရက်တွင်မူ ဘိုင်ယန်မြူးနစ်အသင်းနှင့် ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။

အဆိုပါဗိုလ်လုပွဲမှာ ကစားသမားအားလုံးသာမက မိမိတို့အသင်းအုပ်ချုပ်မှုအဖွဲ့ဝင်များအားလုံး မျှော်လင့်စောင့်စားနေသည့် ပွဲတစ်ပွဲပင်ဖြစ်သည်ဟု အသက် ၄၆ နှစ်အရွယ် အယ်ခီလိုင်ဖီက ပြောသည်။

“ဒါက အိပ်မက်တစ်ခုပါပဲ။ ဒီအိပ်မက်ကို ကျွန်တော်တို့အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော် လင့်ထားပါတယ်။ ကျွန်တော့်အတွက်၊ ကလပ်အတွက် အရမ်းပျော်ရွှင်ရသလို ပရိသတ်တွေပျော်ရွှင်နိုင်အောင်လည်း ဆောင်ကြဉ်းပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဒီအောင်ပွဲအတွက် စောင့်ဆိုင်းခဲ့ရတဲ့အချိန်ကာလက တော်တော်ကြာခဲ့ပါပြီ” ဟု ကာတာလက်ရွေးစင် တင်းနစ်ကစားသမားဟောင်း အယ်ခီလိုင် ဖီက ဖွင့်ဟသည်။

Ref:allfootball

Facebook Comments Box
Facebook Comment