ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တက်ရန် အင်တာနည်းပြကွန်တီ မျှော်လင့်နေဆဲ

အန်တိုနီယိုကွန်တီက ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် မျှော်လင့်ထားဆဲ ဖြစ်ကြောင်း ပြောကြားလိုက်သည်။ အင်တာမီလန်သည် မနေ့ညတုန်းက ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အား အဝေးကွင်း၌ ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အင်္ဂါနေ့က ချန်ပီယံလိဂ်ပွဲစဉ်တွင် အင်တာမီလန်သည် နောက်ကလိုက်ကာ ချေပဂိုး ၂ ဂိုး သွင်းနိုင်ခဲ့သော်လည်း ပွဲပြီးခါနီးမှာ လူစားဝင်လာသည့် ရိုဒရီဂို၏ ဂိုးကြောင့် ၃-၂ ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ကွန်တီ၏ အင်တာသည် အုပ်စု (ခ)တွင် ၃ ပွဲကစားပြီးချိန်၌ ရမှတ် ၂ မှတ်ဖြင့် အုပ်စု အောက်ဆုံးတွင် ရပ်တည်နေသည်။ အင်တာမီလန်သည် လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရီးရဲလ်မက်ဒရစ်အား အိမ်ကွင်း၌ ဧည့်ခံကစားရမည် ဖြစ်သည်။

အင်တာသည် ပြိုင်ပွဲအရပ်ရပ်၌ နောက်ဆုံး ၇ ပွဲတွင် တစ်ပွဲတည်းသာ အနိုင်ရရှိထားသော်လည်း ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် မျှော်လင့်နေဆဲ ဖြစ်သည်။

ကွန်တီက “နောက်ဆုံးရလဒ်က ကျွန်တော်နဲ့ကစားသမားတွေအတွက် ခါးသက်လွန်းပါတယ်။ ဒီလိုပွဲတွေက အသင်း ဘယ်လောက်အထိ တိုးတက်နိုင်တယ်ဆိုတာ ပြသနိုင်ပါတယ်။ မက်ဒရစ်သို့ လာပြီး ဒီလိုကစားနိုင်တဲ့အသင်း ဘယ်နှစ်သင်းလောက်ရှိလဲ မသိပါဘူး။ ကျွန်တော့်အမြင်ပြောရရင် ကျွန်တော့်အသင်းခြေစွမ်း အများကြီး တိုးတက်လာတယ်။ အရှုံးမပေးတဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့တယ်။ ခြေစွမ်းကောင်းခဲ့ပေမယ့် ရလဒ်မှာတော့ ထင်သလို မဖြစ်ခဲ့ပါဘူး။ နောက်ထပ် သုံးပွဲကစားရပါဦးမယ်။ ရမှတ် ၉ မှတ်ရယူနိုင်ပါသေးတယ်။ နောက်တစ်ဆင့်သို့ တက်ရောက်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားပါမယ်”ဟု ပြောကြားသွားသည်။

ရီးရဲလ်မက်ဒရစ်နှင့် အင်တာပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သည့် အင်တာမီလန်တိုက်စစ်မှူးလူသာရို မာတီနက်ဇ်သည် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်နှစ်သင်းလုံးကို ချန်ပီယံလိဂ်တွင် ဂိုးသွင်းနိုင်သည့် တစ်ဦးတည်းသော ၁၉၉၆ ခုနှစ်နောက်ပိုင်းဖွား ကစားသမားအဖြစ် မှတ်တမ်း တင်နိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment