
ချန်ပီယံလိဂ်ရဖို့ ပီအက်စ်ဂျီမှာ ဆက်နေမယ်လို့ နေမာ အတည်ပြု
၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်ကို ရှုူံးနိမ့်ကာ ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရသော ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ပါရီအခြေစိုက်အသင်းမှ ထွက်ခွာတော့မည်ဆိုသော သတင်းများအား ငြင်းဆိုလိုက်ပြီး အသင်းတွင် ဆက်ကစားမည်ဟု အတည်ပြုသည်။
အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင် ၎င်းသည် ပီအက်စ်ဂျီအသင်းတစ်လျှောက် ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ချန်ပီယံဆုဖလား ရယူပေးနိုင်ခြင်း မရှိသောကြောင့် ပွဲအပြီး ငိုကြွေးခဲ့သည်။
ပီအက်စ်ဂျီအသင်းသည် ပြင်သစ်လီဂူး ချန်ပီယံဆုဖလားကို ၂၀၁၃ ခုနှစ်မှ ၂၀၂၀ အထိ ၇ ကြိမ် ဗိုလ်စွဲထားပြီး ၂၀၁၇ ခုနှစ်က တစ်ကြိမ်သာ လက်လွှတ်ခဲ့ရဖူးသည်။
ပြည်တွင်းတွင် အောင်မြင်မှုများစွာ ရယူထားသော်လည်း ချန်ပီယံလိဂ်တွင်မူ တစ်ကြိမ်မှ ဗိုလ်စွဲနိုင်ခြင်းမရှိရာ နေမာက အသင်းပြောင်းရွှေ့ရန် ကြိုးစားနေသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။
နေမာသည် ဥရောပတိုက်၏ အဆင့်အမြင့်ဆုံး ကလပ်အသင်းဆုဖလားကို တစ်ကြိမ်ရယူဖူးသည့် အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ဖွယ် ရှိနေသည်ဟု မီဒီယာများက ဖော်ပြသည်။
သို့သော်လည်း ပီအက်စ်ဂျီအသင်းမှ ထုတ်ဝေသော မဂ္ဂဇင်းနှင့် တွေ့ဆုံရာတွင် ၎င်းက အသင်း၏ ဂန္ထဝင်ကစား သမားဖြစ်ချင်သလို ချန်ပီယံလိဂ်ကိုလည်း ရယူချင်သောကြောင့် အသင်းပြောင်းမည်မဟုတ်ဟု အတည်ပြုသည်။
ပီအက်စ်ဂျီမဂ္ဂဇင်းနှင့် တွေ့ဆုံရာတွင် နေမာက “လာမယ့်ရာသီမှာလည်း ပီအက်စ်ဂျီမှာပဲ ဆက်နေသွားမှာပါ။ နောက်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလည်း ထပ်တက်ချင်သေးတယ်။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ဗိုလ်စွဲမယ့် အလှည့်ပေါ့။ ဒီကလပ်ရဲ့ သမိုင်းမှတ်တမ်း စာအုပ်ထဲ ကျွန်တော့်နာမည်ကို ရေးထိုးပြီးမှ ဒီအသင်းကနေ ထွက်မှာပါ” ဟု ပြောသည်။
Ref:PSG