
ချန်ပီယံလိဂ်ဖလားရရန် ရေပန်းစားသည့်အသင်းများတွင် ရီးရဲလ်မက်ဒရစ် မပါဝင်ဟု ဗယ်ဒါနို ပြောကြား
ရီးရဲလ်မက်ဒရစ်ဂန္ထဝင်တိုက်စစ်မှူးဂျော့ဗယ်ဒါနိုက ရီးရဲလ်မက်ဒရစ်မှာ ချန်ပီယံလိဂ် ဆွတ်ခူးရန် ရေပန်းစားသည့် အသင်းများတွင် မပါဝင်ကြောင်းနှင့် မန်စီးတီးအသင်းမှာ အလွန်ချောင်သည့် အုပ်စုအတွင်းတွင် ကျရောက်နေကြောင်း ပြောကြားလိုက်သည်။
ရီးရဲလ်မက်ဒရစ်သည် ချန်ပီယံလိဂ်ဖလားကို ၁၃ ကြိမ် ဆွတ်ခူးထားကာ ချန်ပီယံလိဂ်သမိုင်းတွင် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည့်အသင်း ဖြစ်ပြီး ပြီးခဲ့သည့် ဆယ်နှစ်အတွင်းတွင် ၄ ကြိမ်အထိ ဆွတ်ခူးထားသည်။
ရီးရဲလ်မက်ဒရစ်သည် ၎င်းတို့၏ ဆယ်ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားအား ၂၀၁၃-၁၄ ရာသီတွင် အန်ဆယ်လော့တီ၏ ဦးဆောင်မှုဖြင့် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် လက်ရှိ နည်းပြဇီဒန်း၏လက်အောက်တွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သုံးကြိမ် ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည်။
သို့ရာတွင် ဇီဒန်း၏ ရီးရဲလ်မက်ဒရစ်သည် ၂၀၁၈-၁၉ ရာသီတွင် လီဗာပူးကို ရှုံးနိမ့်ကာ ၁၆ သင်းအဆင့်မှလည်းကောင်း၊ ၂၀၁၉-၂၀ ရာသီတွင် မန်စီးတီးကို ရှုံးနိမ့်ကာ ၁၆ သင်းအဆင့်မှလည်းကောင်း အသီးသီး ထွက်ခွာထားရရာ ၎င်းတို့၏ ချန်ပီယံလိဂ်ခေတ်မှာ ကုန်ဆုံးသွားပြီဟု ယူဆရသည်။

ရီးရဲလ်မက်ဒရစ်သည် ၂၀၂၀-၂၁ ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် အင်တာမီလန်၊ မိုချင်ဂလက်ဘတ်၊ ရှက်တာဒိုးနက်စ်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
ဗယ်ဒါနိုက “ဒီချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းစားတဲ့အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်မပါဝင်ပါဘူး။ သူတို့က အပြောင်းအလဲ ကာလသို့ ရောက်နေပါတယ်။ ဒီတော့ အခြေအနေ အရပ်ရပ်များစွာ အပေါ် မူတည်နေတယ်။ အရမ်း ခက်ခဲနေတယ်”ဟု ပြောကြားသွားသည်။

ထို့အပြင် ဗယ်ဒါနိုက မန်စီးတီးအသင်းမှာ ချန်ပီယံလိဂ်အုပ်စုချောင်အတွင်းသို့ ကျရောက်သော်လည်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်မည်ဟု မထင်ကြောင်း ပြောကြားလိုက်သည်။
မန်စီးတီးသည် ချန်ပီယံလိဂ်အုပ်စု (ဂ)တွင် ပေါ်တို၊ အိုလံပီယာကို့စ်၊ မာဆေးလ်တို့နှင့် ကျရောက်နေသည်။
၎င်းက “သမိုင်းကြောင်းကို ကြည့်ရမယ်။ သမိုင်းကြောင်း ရှိမှ ချန်ပီယံလိဂ် ဖလား ရနိုင်တယ်။ စီးတီးရဲ့ အုပ်စုက အရမ်း လွယ်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ သူတို့ကို ချန်ပီယံလိဂ်ရမယ်လို့ မထင်ပါဘူး”ဟု ပြောကြားခဲ့သည်။