ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်အုပ်စုပွဲများ ကစားသမားငါးဦး လူစားလဲနိုင်ရန် ဥရောပကလပ်များ ကြိုးပမ်းမည်

ဥရောပကလပ်များအဖွဲ့ချုပ်သည် ယခုနှစ် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်အုပ်စုပွဲစဉ်များတွင် တစ်ပွဲလျှင် ကစားသမား ငါးဦးအထိ လူစားလဲလှယ်နိုင်ရေးအတွက် ယူအီးအက်ဖ်အေကို တိုက်တွန်းသွားမှာ ဖြ်စကြောင်း သိရသည်။

ဖီဖာသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၁၉-၂၀ ရာသီအား ထိခိုက်ခဲ့မှုနှင့်အတူ ကစားသမားများ၏ရာသီအတွက် ဖိအားကို လျှော့ကျလာစေရန် ပြိုင်ပွဲတစ်ခုချင်းစီ အလိုက် ကိုယ်ပိုင်စည်းမျဉ်းအသုံးပြုခွင့်ပေးထားသည်။

ပရီးမီးယားလိဂ်သည် ကစားသမားသုံးဦးတည်းသာ လူစားလဲလှယ်ခွင့်ပေးရန် မဲပေး ဆုံးဖြတ်ထားပြီးဖြစ်သလို ယူအီးအက်ဖ်အေသည်လည်း ခြေစစ်ပွဲများတွင် ကစားသမားသုံးဦးသာ လူစားလဲလှယ်ခွင့်ပေးသည့်စနစ်ကို သုံးနေသည်။ သို့ရာတွင် ဥရောပကလပ်များအဖွဲ့ချုပ်ဥက္ကဌအင်ဒရေအက်ဂနယ်လီက ကစားသမားငါးဦး လူစားလဲလှယ်သည့်စနစ်ကသာလျှင် ကစားသမားများအတွက် မျှတမှုရှိလာမည်ဟု ယုံကြည်နေသည်။

ဂျူဗင်တပ်ဥက္ကဌလည်းဖြစ်သည့် အက်ဂနယ်လီက “အောက်တိုဘာနဲ့ခရစ္စမတ်ကာ လကြားအတွင်းမှာ ကစားသမားတွေဟာ သုံးလတိုင်တိုင် သုံးရက် တစ်ပွဲ ကစားရပါတယ်။ ကစားသမားတွေရဲ့ ကျန်းမာရေးကို အမြဲဂရုစိုက်တဲ့ ယူအီးအက်ဖ်အေဟာ ကျွန်တော်တို့ စကားကို နားထောင်လာဖို့ မျှော်လင့်ပါတယ်။ ဂျာမနီနဲ့ပြင်သစ်တို့မှာ ကစားသမားငါးဦးလူစားလဲလှယ်ဖို့ မဲပေးဆုံးဖြတ်ပြီးပါပြီ။ စပိန်ကလည်း ဆုံးဖြတ်ချက်ချတော့မယ်။ အီတလီမှာလည်း ကစားသမားငါးဦး လူစားလဲဖို့ မဲပေးပြီးပါပြီ။ အင်္ဂလန်မှာဘဲ ကလပ်အများစုက သုံးဦးလဲလှယ်ဖို့ မဲပေးထားပါတယ်။ ဒါပေမယ့် သူတို့မှာလည်း ကလပ် ၁၄ ခုမဲရရှိဖို့လိုသေးတယ်”ဟု ပြောကြားသွားသည်။

ကစားသမားငါးဦး လူစားလဲလှယ်နိုင်သည့် စနစ်မှာ ကစားသမားများအတွက် နားချိန်ရလာစေနိုင်သော်လည်း တစ်ဖက်တွင် အသက်ကြီးများအတွက် ပိုမိုအလေး သာစေသည့် စနစ်တစ်ခုလည်း ဖြစ်နေသည်။ ဒါ့အပြင် အက်ဂနယ်လီက လာမည့် ၂ နှစ်အတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကလပ်များ၏ဝင်ငွေမှာ ဒေါ်လာ ၄ ဘီလီယံအထိ ထိခိုက်နစ်နာလာမှာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

Facebook Comments Box
Facebook Comment