ချန်ပီယံလိဂ်ချန်ပီယံပါတီကို အကန့်အသတ်မဲ့ပြုလုပ်သွားမည့် ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်နည်းပြဟန်ဆီဖလစ်က မိမိမှာ ဘိုင်ယန်မြူးနစ်၏ချန်ပီယံလိဂ်ချန်ပီယံပါတီကို မည်သည့်ကာလတွင်အဆုံးသတ်သွားမည်ကို မသတ်မှတ်ထားကြောင်း ပြောကြားလိုက်သည်။ ဘိုင်ယန်မြူးနစ်သည် မနေ့ညတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီကို ၁-၀ဖြင့်အနိုင်ရရှိကာ ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့သည်။

ဘိုင်ယန်မြူးနစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကင်းစလေကိုးမန်းက ပွဲချိန် ၅၉ မိနစ်တွင် ခေါက်တိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဖလစ်သည် နိုဝင်ဘာလတုန်းက နီကိုကိုဗစ်နေရာတွင် ယာယီနည်းပြအဖြစ် အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီး နောက်ပိုင်းတွင်မှ အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်။ သူသည် ဘိုင်ယန်မြူးနစ်ကို ဘွန်ဒက်စ်လီဂါဖလား၊ ဂျာမန်ပိုကယ်ဖလားနှင့်ချန်ပီယံလိဂ်ဖလားစသည့် ဖလားသုံးလုံးဆွတ်ခူးနိုင်အောင် ဦးဆောင်ထားနိုင်သည်။

ဘိုင်ယန်မြူးနစ်၏ပီအက်စ်ဂျီနိုင်ပွဲမှာ ၂၁ ပွဲဆက်မြောက်နိုင်ပွဲဖြစ်ပြီး ဘိုင်ယန်မြူးနစ်သည် ချန်ပီယံလိဂ်ဖလားအားပွဲတိုင်းအနိုင်ရရှိကာ ချန်ပီယံဖြစ်လာသည့် တစ်သင်းတည်းသော အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ၎င်းက “ပါတီပွဲဘယ်အချိန်မှရပ်မယ်ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး။ အောင်မြင်မှုတစ်ချို့ ရယူနိုင်ချိန်မှာမှ အောင်ပွဲခံရတာပါ။ ပါတီလုပ်ရပါမယ်။ ပါတီဘယ်တော့အဆုံးသတ်မလဲ မသိပါဘူး”ဟု ပြောကြားသွားသည်။

ဆက်လက်၍ ဖလစ်က မိမိတို့မှာ ချန်ပီယံလိဂ်ဖလားအား ထိုက်တန်စွာ ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ဘိုင်ယန်အတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့သည့် ကိုးမန်းက ဆွတ်ခူးသွားခဲ့သည်။

လီဝန်ဒေါ့စကီးမှာ ချန်ပီယံလိဂ် သွင်းဂိုး ၁၅ ဂိုးဖြင့် ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နိုင်ခဲ့သည်။ သူသည် ခရစ္စတီယာနိုရော်နယ်ဒို၏ ချန်ပီယံလိဂ်တစ်ရာသီသွင်းဂိုး ၁၇ ဂိုးစံချိန်ကို ရိုက်ချိုးနိုင်ခဲ့ခြင်းမရှိချေ။

Facebook Comments Box
Facebook Comment