ချဉ်းကပ်ပုံမှားယွင်းခဲ့၍ ပင်နယ်တီမှတ်တမ်းကောင်း အဆုံးသတ်ခဲ့ခြင်းဟု ဘရူနိုဖာနန်ဒက်စ် ဝန်ခံ

ဘရူနိုဖာနန်ဒက်စ်က နယူးကာဆယ်ကို ယူနိုက်တက်က ၄-၁ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပင်နယ်တီ မဝင်ခဲ့ခြင်းမှာ ချဉ်းကပ်မှု မှားယွင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဝန်ခံပြောကြားလိုက်သည်။

ပေါ်တူဂီကွင်းလယ်ကစားသမားသည် နယူးကာဆယ်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပွဲချိန် ၈၆ မိနစ်၌ ယူနိုက်တက်အတွက် အနိုင်ဂိုးတစ်ဂိုးကို လှပစွာ အဆုံးသတ် သွင်းယူနိုင်ခဲ့သည်။ သို့ရာတွင် သူသည် ပွဲချိန် ၅၈ မိနစ်၌ ရရှိသည့် ပင်နယ်တီကို ကန်သွင်းခဲ့ရာတွင် နယူးကာဆယ်ဂိုးသမား ကားလ်ဒါ လောက ကာကွယ်သွားခဲ့သည်။

ဖာနန်ဒက်စ်သည် ဇန်နဝါရီအပြောင်းအရွှေ့တွင် ယူနိုက်တက်သို့ ရောက်လာပြီးနောက် ပရီးမီးယားလိဂ်တွင် ပင်နယ်တီ ၁၀ ဂိုးအား အမှားအယွင်းမရှိ ဝင်အောင် ကန်သွင်းထားသည့် မှတ်တမ်းကောင်း ရရှိထားသူ ဖြစ်သည်။

နယူးကာဆယ်နှင့်ပွဲအပြီးတွင် ဖာနန်ဒက်စ်က နောက်ဆုံး ပင်နယ်တီအား ကန်သွင်းပုံအသစ်ဖြင့် ကန်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

ဖာနန်ဒက်စ်က “အရင်တုန်းကလည်း ကန်တဲ့ပုံစံ ပြောင်းခဲ့ပါတယ်။ ဒီနေ့မှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ဘောလုံးကို ထောင့်ထဲသို့ ပိုရောက်အောင် ကန်ချင်ခဲ့တယ်။ ဒါပေမယ့် ထောင့်သို့ မရောက်ခဲ့ပါဘူး။ ပရီးမီးယားလိဂ်မှာ ကျွန်တော့်ရဲ့ ပင်နယ်တီကို ပထမဆုံးကာကွယ်ခဲ့တဲ့သူ့(ဒါလော)ကို ဂုဏ်ပြုပါတယ်။ ပင်နယ်တီ ၁၁ ကြိမ်ကန်ရာမှာ ၁ ကြိမ် လွဲသွားပါပြီ။ လူတွေအနေနဲ့ ကျွန်တော်လည်း ပင်နယ်တီ လွဲနိုင်တယ်လို့ ပြောနိုင်ကြပါပြီ။ ဒီနေ့ပွဲမှာ မှန်ကန်တဲ့ ရွေးချယ်မှု မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပြဿနာ မရှိပါဘူး။ ကျွန်တော် ပင်နယ်တီ လွဲခဲ့ပါပြီ။ နောက်ပွဲတွေမှာ ပိုကောင်းအောင် ကြိုးစားသွားပါမယ်”ဟု ပြောကြားသွားသည်။

ယူနိုက်တက်သည် ကြားရက်တွင် ပဲရစ်သို့ သွားရောက်ကာ ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲ ကစားသွားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment