ခေါင်းကိုက်နေရတယ်

ရီးရဲလ်မက်ဒရစ်နှင့် မကစားမီ အဓိကနောက်ခံလူနှစ်ယောက်ဖြစ်သော ကိုင်းလ်ဝေါ်လ်ကာနှင့် ဂျွန်စတုန်းစ်တို့ ဒဏ်ရာကြောင့် အသင်းနှင့်အတူ လေ့ကျင့်နိုင်ခြင်းမရှိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောသည်။

ပရီးမီးယားလိဂ်နှင့် လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေသော အသင်းနှစ်သင်းသည် ယနေ့ညတွင် အစ်တီဟတ်၌ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပ-အကျော့ပွဲစဉ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်နှစ်ယောက်သည် တနင်္လာညနေပိုင်းကပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်နိုင်ခြင်းမရှိပေ။

ယခုရက်သတ္တပတ်အတွင်း ဒဏ်ရာရကာ စိုးရိမ်နေရသည့် ရူဘန်ဒီယက်စ်၊ နသန်အကီ၊ ကိုးလ်ပါလ်မာတို့မှာမူ အသင်းနှင့်အတူ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီး စီနီယာများအနက် လေ့ကျင့်နိုင်ခြင်းမရှိသူများဆို၍ စတုန်းစ်နှင့် ဝေါ်လ်ကာတို့သာရှိသည်။

ကန်ဆယ်လိုကလည်း ပွဲပယ်ခံထားရသောကြောင့် ဂွါဒီယိုလာအနေဖြင့် နောက်တန်းတွင် အသုံးပြုနိုင်သည့် စီနီယာကစားသမားဆို၍ အကီ၊ ဒီယက်စ်၊ လာပေါ့တ်နှင့် မန်ဒီတို့သာရှိသည်။

ညာနောက်ခံနေရာအတွက် ဇင်ချန်ကိုအား နေရာပြောင်းလဲကစားစေဖွယ်ရှိနေပြီး အခြားသူများလည်း ပုံမှန်မဟုတ်သည့် နေရာများတွင် ကစားရမည်ဟု ဂွါဒီယိုလာက ဆိုသည်။

“ကစားသမားတွေအနေနဲ့ သူတို့ကစားနေကျနေရာမဟုတ်တဲ့ အခြားနေရာတွေမှာ ကစားရမယ်ဆိုတာ သေချာပါတယ်။ စတုန်းစ်နဲ့ ဝေါ်လ်ကာတို့ကလည်း မသေချာပါဘူး။

ဝေါ်လ်ကာက မလေ့ကျင့်နိုင်တာ ၁၀ ရက်လောက်ရှိနေပါပြီ။ စတုန်းစ်ကတော့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ဘရိုက်တန်နဲ့ပွဲကတည်းက မလေ့ကျင့်နိုင်တာပါ။

ဒီနေ့ပြုလုပ်မယ့် လေ့ကျင့်မှုမှာလည်း ဘယ်သူတွေထွက်လာရဦးမလဲ မသိဘူး။ ဒီအခြေအနေကို စောင့်ကြည့်ပြီးမှ ဘာဆက်လုပ်ရမလဲဆိုတာ ဆုံးဖြတ်သွားမှာပါ” ဟု စပိန်သားက ဆိုသည်။

Ref:manchesterworld

Facebook Comments Box
Facebook Comment