ခေတ်ဟောင်းမင်းသားလေးရဲ့ ကြေကွဲနိဂုံး

“ခင်ဗျားအနေနဲ့
ကိုယ်ပြောတာကို
ကိုယ်ပြန်နားထောင်ရမယ်။
အချိန်ကောင်းမှာ
ရပ်လိုက်လို့ဆိုရင်လည်း
ရပ်ရပါလိမ့်မယ်။
ပရိုဘဝ ၁၆ နှစ်ကျော်
ကာလအတွင်း
ပွဲ ၇၀၀ ကျော်
ကစားခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော့်ရဲ့
ပရော်ဖက်ရှင်နယ်
ကစားသမားဘဝကို
အဆုံးသတ်ဖို့
ဆုံးဖြတ်လိုက်ပါတယ်”

ဘယ်လ်ဂျီယံကပ္ပတိန်ဟောင်း
အီဒင်ဟာဇက်ရဲ့
ပြည်ဖုံးကားချ နှုတ်ဆက်
သဝဏ်လွှာ ဖြစ်ပါတယ်။
အားကစားသမားတိုင်း
ဘဝတခုလုံး ပုံအော
တည်ဆောက်ခဲ့တဲ့
ပရိုဘဝကို
တချိန်မဟုတ် တချိန်
အဆုံးသတ်ရစမြဲ
ဖြစ်ပါတယ်။
တချို့က ဇရာကြောင့်
စိတ်သွားတိုင်း
ကိုယ်မပါတော့တဲ့အခါ
ပရိသတ်တွေကို
မျက်ရည်နဲ့ နှုတ်ဆက်ရပါတယ်။

တချို့ကတော့
အရွယ်ကောင်းဆိုပေမယ့်
ထိခိုက်ဒဏ်ရာတွေက
ဆက်ကစားခွင့်မပေးဘူး။
တချို့ကျပြန်တော့
ဒဏ်ရာက ပြန်လည်
ရုန်းထွက်လာနိုင်ပေမယ့်
ကျန်းမာရေးမှတ်တမ်းကြောင့်
ခေါ်ချင်သူတွေက
လက်တွန့်နေကြတယ်။
ကစားသမားတယောက်အတွက်
ကိုယ့်ကို လိုချင်တဲ့အသင်း
မရှိတဲ့အခါ ဘာဆက်လုပ်ရမလဲ။

အနားယူဖို့ကလွဲပြီး
ဘာများ ရှိနိုင်မှာလဲ။
အခုနောက်ဆုံး
ဒီအဖြစ်မျိုး
ကြုံနေရတာက
အီဒင်ဟာဇက်ပေါ့။
လိုင်လီနဲ့အတူ
ပရိုဘဝ စတင်ခဲ့တဲ့
ဘယ်လ်ဂျီယံသားက
ပြင်သစ်မှာကတည်းက
သူဘယ်လို ကစားသမားလဲဆိုတာ
သက်သေပြထားပြီးသား။

ဟာဇက်ရဲ့ အရည်အချင်းနဲ့
အလားအလာကိုသိတဲ့
ဒီမက်တီယိုက သူ့ကို
စတမ်းဖို့ဒ်ဘရစ်ချ်ဆီ
ပေါင် ၃၂ သန်းနဲ့
ခေါ်လိုက်တယ်။
ဒါဟာ ၂၁ နှစ်အရွယ်
လူငယ်တယောက်အတွက်
နည်းတဲ့ပမာဏ
မဟုတ်ပါဘူး။
အင်္ဂလန်မှာ သူ
အကောင်းဆုံး
စွမ်းဆောင်နိုင်ခဲ့တယ်။

ကမ္ဘာ့အကောင်းဆုံး
ကစားသမားတွေထဲက
တယောက်အဖြစ်
သတ်မှတ်ခံခဲ့ရတယ်။
လန်ဒန်ကလပ်နဲ့အတူ
ပြည်တွင်းဖလားအားလုံး၊
ယူရိုပါလိဂ် ၂ ကြိမ်
ရယူနိုင်ခဲ့တယ်။
ဒါတွေကြောင့်လည်း
၂၀၁၅၊ ၂၀၁၈
ရွှေဘောလုံးဆုရွေးပွဲမှာ
အဆင့် ၈ နေရာ
ရယူနိုင်ခဲ့တယ်။

ဘောလုံးသမားတိုင်း
လိုချင်တပ်မက်ကြတဲ့
တဦးချင်းဆိုင်ရာ
ဆုပေးပွဲမှာ အဆင့် ၈ ဆိုတာ
ဘာမှ မဟုတ်ပါဘူးလို့
ထင်ချင်စရာပါပဲ။
ဒါပေမဲ့ ရော်နယ်ဒိုနဲ့
မက်ဆီတို့ပဲ
တပြန်တလှည့်
ရယူနေချိန်မှာ ၈ ဆိုတဲ့
ရပ်တည်မှုက
လေးစားစရာကောင်းပါတယ်။
ဒါဟာ ဘယ်လ်ဂျီယံသားရဲ့
နောက်တကြိမ် ပြန်မရနိုင်တဲ့
အမြင့်ဆုံးသော ရပ်တည်မှုပဲ။

၂၀၁၉ မှာတော့
ချဲလ်ဆီးကိုစွန့်ခွာပြီး
မက်ဒရစ်မှာ နယ်မြေချဲ့ထွင်ဖို့
ရွေးချယ်လိုက်တယ်။
သူ့အတွက် ပေးရတဲ့
ယူရိုသန်း ၁၀၀ ဆိုတာ
ရီးရဲလ်ရဲ့သမိုင်းမှာ
ဂါရတ်ဘေးလ်ပြီးရင်
ဒုတိယအများဆုံးပဲ။
ကြယ်စင်စုကစားသမား
အဖွင့်ကို လူစားဝင်အဖြစ်
စတင်ခဲ့တဲ့ ဟာဇက်ဟာ
ပထမဆုံးရာသီမှာပဲ
ခြေကျင်းဝတ်ဒဏ်ရာကြောင့်
၁၆ ပွဲအထိ လွဲခဲ့ရတယ်။

ဒီနောက်ပိုင်းကတော့
အားလုံးသိတဲ့အတိုင်း
မကြာခဏ ဒဏ်ရာရ၊
နည်းပြတွေကလည်း
မသုံးရဲနဲ့ ဂျာအေး
သူ့အမေရိုက်နေတာ။
ယခုရာသီ မစမီမှာတော့
ရီးရဲလ်နဲ့ စာချုပ်ဖျက်ပြီး
အသင်းသစ်ရှာဖို့
ကြိုးစားတယ်။ ဒါပေမဲ့
ကြံ့ခိုင်မှုမှတ်တမ်းကောင်း
မရှိခဲ့တော့ ဘယ်အသင်းကမှ
လိုလိုလားလား မရှိခဲ့ဘူး။

ဇော်ဝင်းထွဋ်ရဲ့
ခေတ်ဟောင်းမင်းသားကြီး
သီချင်းကအတိုင်းပေါ့။
အောင်မြင်စဉ်အချိန်က
လိုချင်သူတွေ
ပျားပန်းခပ်ခဲ့သလောက်
ကျရှုံးချိန်မှာတော့
ဘယ်သူကမှ
ဆေးဖော်ကြောဖက်
မလုပ်ခဲ့ဘူး။
သူ့ရဲ့ ကစားသမားဘဝကို
ကယ်တင်ပေးမယ့်သူလည်း
မရှိခဲ့ဘူး။

နောက်ဆုံးတော့
၃၂ နှစ်အရွယ်မှာပဲ
ဘောကန်ဖိနပ်ကို
အပြီးသတ်ချွတ်သိမ်းဖို့
ကြေညာလိုက်ရတယ်။
သူ့ထက် အများကြီး
ပိုကြီးတဲ့ ရော်နယ်ဒို၊
မက်ဆီ၊ လီဝန်ဒေါစကီး၊
မော့ဒရစ်တို့တောင်
ကစားနေချိန်မှာ
ဟာဇက်ကတော့
ပွဲကြည့်ပရိသတ်
ဖြစ်သွားခဲ့ပြီ။
ကျွန်တော်တို့တွေ
သူ့ရဲ့ အရင်က
မှော်ခြေစွမ်းဆိုတာကို
ပြန်မမြင်နိုင်တော့ဘူး။

ဟာဇက် အနားယူသွားတာက
ဘယ်လ်ဂျီယံအတွက်သာ
ဆုံးရှုံးမှု မဟုတ်ဘူး။
ဘောလုံးလောကအတွက်ပါ
ကြယ်တပွင့် ငုပ်လျှိုးသွားခြင်းပဲ။
လွမ်းအောင်ဖန်ခဲ့သူပေါ့။

Facebook Comments Box
Facebook Comment