ခေတ်မီးလောင်လု့ိ ခေတ်ကြောင်တွေ လက်ခမောင်းခတ်ပြီး ရေးတဲ့စာ

N ကြယ်မင်း

ဖာဂူဆန် လွန်တယ်။ အာစင်ဝင်းဂါး ပြီးဆုံးခြင်းအမှုကို ရောက်တယ်။ သူတို့ဟာ ယခုတိုင် သက်ရှိထင်ရှားဆိုရင်တောင် သူတို့ဟာ သူတို့ဆီ ပြန်မလာနိုင်တော့ပါဘူး။

မန်ယူနိုက်တက်နဲ့ အာဆင်နယ်မြို့ရိုးမှာ သူတု့ိရဲ့အလုံးစုံသော ဂုဏ်သိက္ခာနဲ့ အောင်မြင်မှုအရိုးအိုးကို မြှုပ်နှံခဲ့ကြပြီးပါပြီ။

သူတို့ အသက်အရွယ်အရသော်လည်းကောင်း၊ သူတို့အသင်းတွေရဲ့ခေတ်မီးလောင် ခေတ်ကြောင်တွေ လက်ခမောင်းခတ် အနေအထားများအရလည်းကောင်း သူတို့ ပြန်မလာကြတော့ပါဘူး။

အားနာပေမယ့် မှန်တဲ့အတိုင်းပြောရရင် သူတို့ကိုယ်တိုင်ပြန်လာပြီး သူတို့ကိုယ်တိုင် ဒီစက်ခေါင်းကို မောင်းခဲ့ရင်တောင် သူတို့အသင်းတွေ ပြန်မဖြစ်နိုင်တော့ပါဘူး။

ဒီအမှန်တရားကို စိတ်ဝင်စားမှ၊ ဒါမှမဟုတ် လက်ခံနိုင်သည်ရှိမှ ကျွန်တော်တို့ ဆက်ပြောကြတာ အဆင်ပြေမယ်ထင်ပါတယ်။

ဘာကြောင့်၊ ဘယ်သူတွေဆိုတာမျိုး ကျွန်တော်တို့ ပြောဆိုခဲ့ကြရတာ များလှပါပြီ။ ဒီမှာ မိုယက်စ်၊ ဒီမှာ မရဏ မှတ်စုကြီး၊ ဒီမှာ စပါယ်ရှယ်ဝမ်း၊ ဒီမယ် ကလေးမျက်နှာနဲ့ လူသတ်သမားပေါ့။

ဟော့ဒီမှာ အူနိုင်းအမ်မရီ၊ ဟော့ဒီမှာ ဆွီဒင်ကြက်ဖကြီးကနေ အခု ဂွါဒီယိုလာကလုန်းလို့ အထင်ရောက်ရှာသူ အာတေးတားအထိပေါ့။

သူတို့ ညံ့ခဲ့ကြလို့လား။ သူတို့ မလုပ်နိုင်ကြခြင်းဟာ ရဲရင့်တဲ့ နည်းပြတစ်ယောက် ဘောင်းဘီအောက်မှာ ညှိုးရော်ပျောက်ကွယ်နေကြတာလား။ ကျွန်တော်ပြန်တွေးကြည့်တယ်။

သူတို့အားလုံး စွမ်းသလောက်တော့ လုပ်ခဲ့ကြသူတွေချည်းပါပဲ။ ဒါပေမဲ့ အဲ့ဒီကြားက မဖြစ်ခဲ့ဘူး။

ဘာကြောင့်လဲ..

မျှော်လင့်ချက်ရဲ့ဖိအားတွေက ဒင်းတို့ကို ပျာယာခပ်စေခဲ့တယ်။ လူတွေက သူတို့ချစ်ပြီး စွဲကြတဲ့အသင်းတွေရဲ့ရေချိန်ကို အလွတ်ရကြတယ်။

အဲ့ဒါကို ပြန်ရှာပေးဖို့ တောင်းဆိုသူတွေက နေ့တိုင်းလမ်းပေါ်မှာ ရှိနေတယ်။ တကယ်တော့ ဖာဂူဆန်ဟာ `ပါး တဲ့နေရာမှာ ဇာခြင်ထောင်ထက် ပါးတယ်´ဆိုတဲ့ နည်းပြမျိုးပဲ။

သူဆက်ရှိတောင် သူ မလုပ်နိုင်တော့ဘူးဆိုတဲ့ နေရောင်ဖြာထွန်းလာတာကို ခံစားထိတွေ့ခဲ့တယ်၊ ကစားသမားတွေဟာ သူတို့အသင်းအပေါ် ဘယ်လောက်ထိ သစ္စာခံနိုင်မှာတဲ့လဲ။

ယူနိုက်တက်မှာ ယူနိုက်တက် DNA ရှိသူ ကစားသမားက ဘယ်သူများလဲ။ ဒီမှာ ဖလောရင့်စ်က ဘာတစ္စတူတာပုံပြင်တွေ လာမရွတ်နဲ့တော့။

နူးကမ့်ဘူတာက မက်ဆီရုပ်တုကိုချည်း မော့မကြည့်နေကြနဲ့တော့။ မီလန်က မာလ်ဒီနီသားအဖပြတိုက်ကို ပြန်ပေးချည်းပဲ အော်မနေကြကြတော့နဲ့ပေါ့။

အေး..ငါကိုယ်တိုင်တောင် ဂစ်နဲ့ဂစ်ကို ပြန်မရတော့ဘူးပေါ့။ ပေါလ်စခိုးလ် ကိုယ်ထင်ပြရင်တောင် အဲ့ဒါပြန်လာသူ ပေါလ်စခိုးလ်မဟုတ်တော့ဘူးလို့ သိခဲ့ရရှာတယ်။

ကမ္ဘာကြီးက ထွေပြားလာတယ်။ မျဉ်းဖြောင့်တွေ ကောက်ကွေးသွားပြီး အသစ်စမ်းချင်သူ မျဉ်းကွေးတွေသာ ရှင်သန်ခဲ့တယ်။

ငါ့အသင်းကို မထိနဲ့လု့ိ ခိုက်ခိုက်တုန်နေတဲ့ မေးရိုးကြီးတွေ စွပ်ပြုတ်ဖြစ်သွားတယ်။ ဒါဟာ ငါတု့ိနိုင်ငံတော်ပဲ၊ ငါတို့အသက်ပေးပြီး တင်ဆက်ကြစို့ဆိုတဲ့ ဓာတ်ပြားတွေ တစ်ချပ်ပြီးတစ်ချပ် ကျကွဲခဲ့တယ်။

ဟော့ဒီမှာ မြင့်မားတဲ့ လုပ်ခလစာပေးပါ။ အောင်မြင်ကျော်ကြားမှု မသိုးပေါင်မုန့်ပေးပါဆိုတဲ့ကောင်တွေ မျိုးပွားနေတယ်။

ကလပ်အသင်းတွေရဲ့မိသားစုဆန်မှု၊ ကိုယ်ကျိုးစွန့်မှု၊ ကိုယ့်သက်တမ်းနဲ့ ကိုယ့်လမ်းတစ်လျှောက် အိပ်မက်သစ်ပင်တွေသာ မရပ်မနား စိုက်ပျိုးနိုင်မှုတွေဟာ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဖာဂူဆန်သိခဲ့ပါတယ်။

ကလပ်တွေဟာ ပိုပြီးတော့ စီးပွားရေးဆန်လာမယ်။ ဟန်လုပ်ထားတဲ့ အောင်ပွဲခံမှု ပိုစတာတွေသာ ရိုက်နှိပ်ရောင်းချနေမယ်။

ကစားသမားတွေဟာ တစ်ညတာနာမည်နဲ့ အပြန်အလှန် မိတ်ဖွဲ့ကြသူတွေလို အပျော်ဆန်လာမယ်။ ဆုဖလားရရှိ ရေးဟာ ဒီရာသီအမြတ်အစွန်းပဲ။

ငါတု့ိမြေးတွေကြီးလာရင် ဂုဏ်ယူဖို့၊ လက်ဆင့်ကမ်းဖို့ အနာဂတ်သွေးသား ခန်းခြောက်လာမယ်။ ယူနိုက်တက်နဲ့ အာဆင်နယ်ဟာ အဲ့ဒါပဲ။

ငါတို့တုန်းက..ဆိုတဲ့ နှလုံးသားမြို့ဟောင်း တူးဖော်ချက်တွေဟာ ဘယ့်နှယ် ကွန်ဆာဗေးတစ်တွေပါလိမ့်ဆိုတဲ့ အကြည့်တွေမှာ အငွေ့ပြန်သွားရတော့မယ်။

ယူနိုက်တက်မှာ ဘရူနို၊ အာဆင်နယ်မှာ အူဘာမီယန်တို့ ဝတ်စားထားပုံတွေက လှောင်ရယ်စရာဖက်ရှင်တွေ ဖြစ်လာမယ်။

ခင်ဗျားတို့ ယူနိုက်တက်ကို သိပ်လည်း ဟာသပြုမနေကြပါနဲ့။ ခင်ဗျား ဝင်ရပ်ထားတဲ့ကလပ်အသင်း မြက်ခင်းတွေ ပြောင်းရွှေ့နေပုံကို တစ်ချက်ငဲ့ကြည့်ပါဦး။

ဘယ်သူမဆိုပါပဲ။ ကျွန်တော်က လီဗာပူးဖန်ပါဆိုတဲ့ မာဖလာလေးပတ်၊ ပြိုင်ချင်ဆိုင်ချင် နိုင်ချင်တဲ့ မျက်မှန်ဝိုင်းကလေးတပ်ထားသူဟာ ဒီကမ္ဘာကြီးရဲ့မတော်မတည့် ချစ်မိတ်ဆွေတစ်ဦး ဖြစ်ခဲ့ပြီဆိုတာ မမေ့ပါနဲ့။

မလျော်ကန်တဲ့ တွယ်တာမှုတွေ၊ လိုအပ်တာထက် မိန်းမောနေတဲ့ ကိုကင်းဆန်ဆန် ချစ်ခြင်းတရားတွေ ထားခဲ့ကြပါတော့။

ဒီခေတ်မှာ သူတို့လည်း တစ်ပွဲကောင်းဆို၊ ကိုယ်လည်း တစ်ခါသုံးပဲ သဘောထားရတော့မယ် ထင်တယ်။ ညတစ်ညမှာ အိပ်ရာ ၃ ခုပြောင်းတဲ့ အာဂယောကျ်ားလို အသင်း ၃ သင်းနဲ့တွဲမယ်။

ချစ်မှုပြုမယ်။ ဒီတစ်ည မအောင်မြင်တာဟာ ဒီတစ်ညအတွက်ပဲ ဖြစ်တယ်။ ကိုယ့်အသင်းရှုံးလု့ိ ခံစားနေကြတဲ့ ငိုချင်းသည်မညတွေ နေရစ်ခဲ့ကြပေတော့ပဲ။

ဒီလိုပြောရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ့်နှလုံးသားကိုယ် ဓာတ်မီးထိုးပြီး ဒီစာကို ရေးခဲ့ကြောင်း လည်း ယုံကြည်ပေးစေချင်တယ်။

ကျွန်တော် အဲ့ဒီလိုရှိပါတယ်။

Facebook Comments Box
Facebook Comment