ခရစ္စမတ်မတိုင်မီ အထုတ်ခံရရန် မော်ရင်ဟို ရေပန်းစားလာ

စပါးစ်နည်းပြဟိုဆေးမော်ရင်ဟိုသည် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် အဲဗာတန်ကို ရှုံးနိမ့်ပြီးနောက် ခရစ္စမတ်မတိုင်မီ အထုတ်ခံရရန် အလေးပေးခံလာရသည်။ မော်ရင်ဟို၏စပါးစ်သည် တနင်္ဂနွေနေ့တုန်းက မြောက်လန်ဒန်တွင် ကာလိုအန်ဆယ်လော့တီ၏အဲဗာတန်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် စပါးစ်သည် ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ အယ်လန်၊ ဒူကော်ရီတို့ ဦးဆောင်သည့် အဲဗာတန်ကွင်းလယ်၏ထိန်းချုပ်ခြင်းခံခဲ့ရသည်။

ယခုအခါ ဗြိတိန်ဘွတ်ကီဒိုင် Ladbrokes က မော်ရင်ဟိုကို ခရစ္စမတ်မတိုင်မီ စပါးစ်ဥက္ကဌဒါနီရယ်လီဗိုင်း၏ ထုတ်ပယ်ခြင်းခံရမည့်သူအဖြစ် 5:4 အထိ လျှော့ချကာ အလေးပေးလာသည်။

Ladbrokes မှ အဲလက်စ်အပါတီက “ရလဒ်ပိုင်း တိုးတက်မှုမရှိရင်တော့ ဟိုဆေးမော်ရင်ဟိုအနေနဲ့ ရာသီအကုန်အထိ စပါးစ်ကိုကိုင်တွယ်ခွင့်ရလာမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့က ခရစ္စမတ်မတိုင်မီ အထုတ်ခံရနိုင်တယ်လို့ တွေးထားတာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

စပါးစ်သည် ယခုနွေရာသီတွင် ဆောက်သမ်တန်အလယ်တန်းကစားသမားပီယာရီအီမီလီဟိုဘတ်နှင့် ဝုဗ်ညာနောက်ခံလူမက်ဒိုဟာတီတို့ကို ခေါ်ယူထားသည်။ မီဒီယာများ၏ ဖော်ပြခက်အရ မော်ရင်ဟိုသည် ပြီးခဲ့သည့်ရာသီတုန်းက ထရာဇွန်စပေါ်တွင် အငှားဖြင့် သွားကစားစဉ်အတွင်း ၃၂ ဂိုးအထိ သွင်းနိုင်ခဲ့သည့် ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူးအလက်ဇန္ဒားဆော်လက်ကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

အဲဗာတန်ကို ရှုံးနိမ့်သည့်ပွဲအပြီးတွင် မော်ရင်ဟိုက ၎င်း၏အသင်းမှ ကစားသမားများမှာ ကွာရန်တင်းဝင်ရမှု၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု၊ နိုင်ငံအတွက် ကစားရမှုတို့အကြောင်း ရာသီကြို လေ့ကျင့်ခန်း ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့ခြင်းမပြုဘဲ အဲဗာတန်နှင့်ပွဲတွင် ကြံ့ခိုင်မှုပိုင်း ရုန်းကန်ခဲ့ရကြောင်း ကာကွယ်ပြောဆိုခဲ့သလို ကစားသမားများမှာ တိုက်စစ်ဆင်ကစားရန် ပျင်းနေကြောင်း ဝေဖန်ပြောကြားမှုလည်း ပြုလုပ်ခဲ့သည်။

Facebook Comments Box
Facebook Comment