
ခရစ္စမတ်ကို ဇယားထိပ်ဆုံးနေရာက ကြိုဆိုလိုက်တဲ့ လီဗာပူး
ထွန်းထွန်းဦး(လှိုင်)
EPL ပွဲစဉ် ၁၄ ပြီးတော့ ခရစ္စမတ်ကို အမှတ်ပေးဇယား ထိပ်ဆုံးကနေ ၃ ရာသီဆက် လီဗာပူး ကြိုဆိုဖြစ်တယ်။
ပြီးတော့ နောက်ကလိုက်နေတဲ့ အသင်းတွေကိုလည်း အမှတ်ဖြတ်ထားစပြုပြီလည်း ဖြစ်တယ်။
လက်စတာကို ၄ မှတ် ၊မန်ယူနိုက်တက်နဲ့အဲဗာတန်ကို ၅ မှတ်၊ ချယ်လ်ဆီးနဲ့ စပါးစ်ကို ၆ မှတ် ဆိုပြီး လီဗာပူးက အမှတ်တွေဖြတ်ချထားတာ တွေ့ရမယ်။
EPL မှာ လီဗာပူးကလွဲပြီး ကျန်အသင်းတွေ အားလုံးရဲ့ရမှတ်တွေက အထက်အောက်၊ ကပ်သီးကပ်သပ်လေးတွေ ဖြစ်နေလို့ ရပ်တည်မှု အမှတ်ပေးဇယားမှာ တစ်ပတ်တစ်ခါ အလှည့်အပြောင်းတွေ အများကြီး ကြုံရနိုင်သေးတယ်ဆိုတာကို တွေ့ရဦးမှာဖြစ်တယ်။
အထူးသဖြင့် ထိပ်ဆုံး ၅ သင်း ပြိုင်ဆိုင်မှုပေါ့နော်။ အခုအချိန်မှာ ပြိုင်ဆိုင်မှု အားကောင်းကောင်းနဲ့ အတော်လေးကြည့်ကောင်းနေပါတယ်။

တစ်ခုရှိတာက ရာသီဝက်မကျိုးသေးတဲ့ ပရီးမီးယားလိဂ်ဟာ ဘာမဆိုဖြစ်သွားနိုင်တာ မှန်ပေမယ့်လည်း လီဗာပူး အမှတ်ဖြတ်ချရင် သိပ်ထိရောက်တတ်တာကြောင့် မနှစ်ကတုန်းကလိုမျိုးများ ဖြစ်လာမလားဆိုပြီး တွေးကြည့်မိတယ်။
လီဗာပူးဟာ ခရစ္စမတ် နားပြီးတာနဲ့ ချက်ချင်း ဘောက်ဆင်ဒေးမှာ ဝက်စ်ဘရွန်းနဲ့ အိမ်ကွင်းမှာ ပရိသတ်ကို ဖြေဖျော်မယ်၊ ပြီးရင် နှစ်သစ်ကိုကြိုဆိုရင်း ၉ ရက်အတွင်း ၃ ပွဲဆက် အဝေးကွင်းမှာ နယူးကာဆယ်၊ ဆောက်သမ်တန်နဲ့ ဗီလာ(အက်ဖ်အေ)ကို သွားရင်ဆိုင်ရမယ်။
အမှတ်တွေ ပဲ့မပါသွားရစေဖို့ အဆိုပါပွဲတွေကို အနိုင်ကစားထားဖို့လိုတဲ့ လီဗာပူးအတွက် ခရီးကြမ်း၊ ပွဲပန်းနိုင်တာ သတိထားရမယ်။
ဒါမှလည်း အသင်းကြီးအချင်းချင်း ဆုံတဲ့ပွဲမှာ ခြေချော်လက်ချော် အဖြစ်ခံနိုင်မယ့် အမှတ်တွေ စုထားနိုင်မယ့် ဘေးကို ပြေးတွေ့နိုင်မယ်။
နှစ်သစ် ဇန်နဝါရီထဲမှာတော့ ကစားရမယ့် ပရီးမီးယားပွဲစဉ်တွေထဲမှာ ယူနိုက်တက်နဲ့ ပွဲစဉ် ၁၉ ရာသီတစ်ဝက်ကျိုးမယ့်အချိန်မှာ အိမ်ကွင်းမှာ ဆုံတယ်။
ပြီးတော့ ပွဲစဉ် ၂၁ မှာ စပါးစ်နဲ့ အဝေးကွင်းပွဲတွေ နွဲှဖို့ရှိတယ်။
ဘာတွေဖြစ်လာမလဲ။
ကြားကာလမှာ အမှတ်တွေ မပွန်းပဲ့အောင် ယူပြထားနိုင်သမျှတော့ အသင်းကြီးတွေနဲ့ဆုံလည်း လီဗာပူး ဖိအားကင်းနေဖို့တော့ ရှိမယ်ထင်တယ်။
အထိအခိုက် အနည်းအများပေါ် မူတည်ပြီး သူတို့ရဲ့ ချန်ပီယံပြေးလမ်းက စကားပြောမယ်။
တစ်ခုရှိတာက ပြိုင်ဘက်တွေကို ကြည့်တော့လည်း လီဗာပူးထက် ပွဲကျပ်တွေရှိနေတဲ့အသင်းတွေ ရှိနေတာ မြင်ရမယ်။
ပွဲစဉ် ၁၅ မှာ ရှက်ဖီး – အဲဗာတန်၊ လက်စတာ – ယူနိုက်တက်၊ အာဆင်နယ် – ချယ်လ်ဆီး၊ ဝုလ်ဖ် – စပါးစ်၊ ဖူလ်ဟမ် – ဆောက်သမ်တန်။

ပွဲစဉ် ၁၆ မှာ ပဲလေ့စ် – လက်စတာ၊ အဲဗာတန် – မန်စီးတီး၊ဆောက်သမ်တန် – ဝက်စ်ဟမ်း၊ ချယ်လ်ဆီး – ဗီလာ၊ ယူနိုက်တက် – ဝုလ်ဖ်၊ စပါးစ် – ဖူလ်ဟမ်။
ပွဲစဉ် ၁၇ မှာ အဲဗာတန် – ဝက်စ်ဟမ်း၊ ချယ်လ်ဆီး – မန်စီးတီး၊ ယူနိုက်တက် -ဗီလာ၊ စပါးစ် – လိစ်ဒ်၊ ဆောက်သမ်တန် – လီဗာပူး စတဲ့ပွဲတွေ ရှိနေကြသေးတယ်။
အခုအချိန်အထိတော့ အားလုံးက အိပ်မက်ကိုယ်စီ ရှိနေတယ်၊ ဒါပေမဲ့ ခြေတစ်လှမ်းမှားရင် မှားတဲ့အတိုင်း ရပ်တည်မှု အဆင့်သတ်မှတ်ချက်အရ အပြောင်းအလဲဖြစ်လာလိမ့်မယ်။
လီဗာပူးတောင် အမှတ်ကွာဟမှုက အောက်သင်းတွေနဲ့ ၄ မှတ်စာသာ ခြားနားနိုင်သေးတာပါ။ ထပ်မံပြီး အမှတ်တွေ ကွာဟအောင် လုပ်ဖို့ဆိုတာ သူတို့တွေကိုယ်တိုင် အမှားမရှိအောင် လုပ်ပြဖို့တော့ လိုပါလိမ့်မယ်။
တစ်ခုရှိတာက လီဗာပူးဟာ ပရီးမီးယားနဲ့ အသားကျသွားတဲ့ ချန်ပီယံဖြစ်နေသလို ကလော့ပ်အတွက်လည်း အခြေအနေနဲ့ အချိန်အခါကို အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ ယုံကြည်မှုရှိစွာ သွားတတ်လာတတ်ခဲ့ပြီဖြစ်တာကြောင့် ပြိုင်ဘက်တွေ အထားအသို မမှန်တဲ့အချိန်မှာ ဖိအားက ထင်သလောက် မကြီးမားတော့သလိုမျိုး ဖြစ်နေတယ်။
အထူးသဖြင့်တော့ လီဗာပူးအတွက် အရေးကြီးတာက တိုက်စစ်ပါပဲ။ တိုက်စစ်သမားတွေ တစ်ခုခု မဖြစ်သမျှတော့ အားလုံး အသားတကျနဲ့ ဖြတ်သန်းဖို့ ရှိနေလိမ့်မယ်။

ဇာတ်လိုက်တွေ အထိမနာဖို့ ကလော့ပ် ဘယ်လိုမျိုးများ ဆုံးဖြတ်ထားသလဲဆိုတာ ကြည့်ချင်မိနေသေးတယ်။