ခရစ္စတီယာနိုရော်နယ်ဒို၏တစ်နှစ်လုပ်ခမှာ စီးရီးအေကလပ်လေးခု၏တစ်သင်းလုံးလုပ်ခထက်များပြား

ခရစ္စတီယာနိုရော်နယ်ဒိုမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်တစ်ဦး ဖြစ်တာနှင့်အညီ စီးရီးအေတွင် လုပ်ခအများဆုံး ရရှိသည့် ကစားသမားဖြစ်နေသည်မှာ အံ့ဩစရာမဟုတ်ချေ။ သို့ရာတွင် ပေါ်တူဂီနှင့် ဂျူဗင်တပ်တိုက်စစ်သမား၏တစ်လုပ်ခမှာ စီးရီးအေကလပ် ၄ ခု၏လခအသုံးစရိတ်နှင့် ညီမျှ(သို့မဟုတ်)များပြားနေသည်ဆိုလျှင်တော့ သင့်အတွက် အံ့ဩစရာဖြစ်နေမှာ သေချာနေသည်။

အသက် ၃၅ နှစ်ရှိ ယူနိုက်တက်နှင့်ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းသည် ဂျူဗင်တပ်တွင် တစ်နှစ်လုပ်ခ ယူရို ၃၁ သန်း ရရှိကာ စီးရီးအေတွင် လုပ်ခအများဆုံးရရှိသည့် ကစားသမားအဖြစ် ရပ်တည်နေသည်။ သို့ရာတွင် သူ၏လုပ်ခမှာ စီးရီးအေကလပ်များဖြစ်သည့် အူဒီးနီးစ်၊ ဗီရိုနာ၊ စပီဇီယာ၊ ခရိုတုန်းစသည့် အသင်းလေးသင်း၏ တစ်သင်းလုံးစာ လုပ်ခအသုံးစရိတ်နှင့် ညီမျှ(သို့မဟုတ်)များပြားနေသည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် စီးရီးအေတွင် လုပ်ခအများဆုံး ရရှိသူအဖြစ် ထိပ်ဆုံးမှ ရပ်တည်နေပြီး ဒုတိယနေရာမှာ ဂျူဗင်တပ်ကစားသမား မားသီးယပ်စ်ဒီလက်ထက် လုပ်ခ လေးဆနီးပါးပိုမိုမြင့်မားနေသည်။ ဒတ်ချ်နောက်ခံလူမှာ တစ်နှစ်လုပ်ခ ယူရို ၈ သန်းဖြင့် စီးရီးအေတွင် ဒုတိယလုပ်ခအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။ တတိယနေရာတွင် လူကာကူက ယူရို ၇.၅ သန်းဖြင့် ရပ်တည်နေသည်။ သို့ရာတွင် ဘယ်လ်ဂျီယံ တိုက်စစ်မှူးမှာ အပိုဆုကြေးငွေ ယူရို ၁.၅ သန်း ရရှိလာပါက ဒီလက် တစ်နှစ်လုပ်ခကို ကျော်တက်နိုင်သည်။

အခြား စီးရီးအေ၏ လုပ်ခအများဆုံး ရရှိသည့် ကစားသမားများအဖြစ် ခရစ္စတီယာအဲရစ်ဆင် (ယူရို ၇.၅သန်း)၊ ဒီဇီကို (ယူရို ၇.၅သန်း)၊ အလက်ဆစ်ဆန်းချက်ဇ် (ယူရို ၇သန်း)၊ အီဘရာဟီမိုဗစ် (ယူရို ၇ သန်း)၊ အာတူရိုဗီဒယ် (ယူရို ၆.၅သန်း)နှင့် ဒွန်နာရမ်မာ (ယူရို ၆ သန်း)တို့ ရပ်တည်နေသည်။

စီးရီးအေ၌ လုပ်ခအများဆုံး ရရှိသည့် နည်းပြအဖြစ် အင်တာမီလန်နည်းပြ အန်တိုနီယိုကွန်တီက တစ်နှစ်လုပ်ခ ယူရို ၁၂ သန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နေကာ အခြား စီးရီးအေနည်းပြများနှင့် လုပ်ခမှာ အဆပေါင်းများစွာ ကွာဟနေသည်။ စီးရီးအေ၏ ဒုတိယလုပ်ခအများဆုံးရရှိသည့် နည်းပြအဖြစ် ရိုးမားနည်းပြဖွန်ဆီကာက ယူရို ၂.၅သန်းဖြင့်လည်းကောင်း၊ အတ္တလန္တာနည်းပြဂက်စ်ပါရီနီက ယူရို ၂.၂ သန်းဖြင့် တတိယလုပ်ခအများဆုံးရရှိသည့်နည်းပြအဖြစ်လည်းကောင်း ရပ်တည်နေသည်။

စိတ်ဝင်စားဖို့ကောင်းနေသည်မှာ ဂျူဗင်တပ်နည်းပြ အင်ဒရေပီယာလိုမှာ တစ်နှစ်လုပ်ခ ယူရို ၁.၈ သန်းသာရရှိနေခြင်း ဖြစ်ပြီး မီလန်နည်းပြစတီဖာနို ပီအိုလီ(ယူရို ၂ သန်း)၊ ဘိုလော့ဂ်နာနည်းပြမီဟိုင်းလိုဗစ် (ယူရို ၂ သန်း)၊ လာဇီယိုနည်းပြဆိုင်မွန်အင်ဇာဂီ (ယူရို ၂ သန်း)တို့ထက် နည်းပါးနေသည်။

Facebook Comments Box
Facebook Comment