ခရစ္စတီယာနိုပြန်လာပြီဟု ရော်နယ်ဒို ပြောကြား

ခရစ္စတီယာနိုရော်နယ်ဒိုက ခရစ္စတီယာနို ပြန်လာပြီဖြစ်ကြောင်း ပြောကြားကာ ကျန်းမာရေး ကောင်းမွန်နေကြောင်း ပြောကြားလာသည်။ ဂျူဗင်တပ်စတားသည် ပေါ်တူဂီလက်ရွေးစင်အ တွက် သွားရောက်ကစားစဉ်အတွင်း ကိုဗစ်ကူးစက်ခံရမှုကြောင့် ဘာစီလိုနာပွဲအပါအဝင် ဂျူဗင်တပ်၏ ပွဲများစွာကို လွဲခဲ့သည်။ သူသည် တနင်္ဂနွေညတုန်းက စပီဇီယာအား အနိုင်ရရှိသည့်ပွဲတွင် ပြန်လည်ကစားနိုင်ခဲ့သည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် ပွဲချိန် ၅၆ မိနစ်တွင် လူစားဝင်ရောက်လာပြီးနောက် ၄-၁ ဂိုးဖြင့် အနိုင်ရရှိအောင် အနိုင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့သည်။ သူသည် လူစားဝင်ရောက်လာပြီး ၃ မိနစ်အကြာတွင် ဂိုးသွင်းနိုင်ခဲ့ပြီး ပွဲချိန် ၇၆ မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့် ဒုတိယဂိုး သွင်းခဲ့သည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် သောကြာနေ့တုန်းက ကိုဗစ်ကင်းစင်သွားကြောင်း တွေ့ရှိပြီးနောက် စပီဇီယာနှင့်ပွဲတွင် ပါဝင်ကစားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ခရစ္စတီယာနိုရော်နယ်ဒိုက “ကျွန်တော့်မှာ ဘာရောဂါ လက္ခဏာပြသတာမျိုး မရှိခဲ့ပါဘူး။ အားလုံးကောင်းမွန်ခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်ကြိုက်တဲ့ ဘောလုံးပြန်ကစားနိုင်ခဲ့ပါတယ်။ စီးရီးအေက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်တစ်ခုပါ။ မီလန်က အကောင်းဆုံးလုပ်နေပါတယ်။ လာဇီယိုနဲ့ နာပိုလီလည်း ဒီအတိုင်းပဲ။ ကျွန်တော်တို့ အလု်ပကြိုးစားရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ ပိုကောင်းလာနေပါတယ်။ ခရစ္စတီယာနို ပြန်လာပါပြီ။ ဒါက အရေးအကြီးဆုံး အချက်ပါ”ဟု ပြောကြားခဲ့သည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် ကိုဗစ်ကူးစက်ခံရစဉ်အတွင်း ရောဂါလက္ခဏာမပြဘဲ ကျန်းမာနေသော်လည်း ကိုဗစ်စစ်ဆေးတိုင်း ပေါ့စတစ်ထွက်နေမှုအတွက် စစ်ဆေးမှုအဖြေ တိကျမှုရှိ/မရှိကိုမေးခွန်းထုတ်ခဲ့ဖူးသည်။

သို့ရာတွင် စပီဇီယာအား အနိုင်ရရှိသည့်ပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒိုသည် ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောကြားရန် ငြင်းဆိုသွားခဲ့သည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် ယခုရာသီတွင် ဂျူဗင်တပ်အတွက် ၃ ပွဲကစားထားရာတွင် ၅ ဂိုးသွင်းယူထားသည်။ သူသည် ပြီးခဲ့သည့် ရာသီတုန်းက ၄၆ ပွဲကစားကာ ၃၇ ဂိုးသွင်းယူနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment