ခန့်မှန်းပွဲတွေ လွဲတဲ့အခါ . . .

မောင်ဖိုးကွန့်

ကျွန်တော်တို့ စာစဖတ်တတ်ကာစကတည်းက ဖတ်ဖူးတဲ့ ဟာသတစ်ပုဒ် ရှိတယ်။ ဘောလုံးပွဲ မကြည့်ဖူးတဲ့ အရပ်က ဘကြီးတစ်ယောက် မြို့ရောက်တော့မှ နာမည်ကြီးနေတဲ့ ဘောလုံးပွဲဆိုတာ ဘာလဲ သွားကြည့်တယ်။

ပြန်လာတော့ ပြောလိုက်တဲ့ အပြောက ‘ဘောလုံးပွဲ. . . ဘောလုံးပွဲလို့ နာမည်ကြီးတာနဲ့ သွားကြည့်မိပါတယ် . . .အလုံးတစ်လုံးကို လူ ၂၂ ယောက်က ဝိုင်းလုနေတာ ကြည့်ပြီး ပြန်လာရတယ်။ လူတိုင်း တစ်ယောက်တစ်လုံး ပေးထားလိုက် ပြီးရောကွာ’ ဆိုတဲ့ လူတိုင်း ကြားဖူးနေကြ ဟာသလေးပါပဲ။

သိပ်မရယ်ရတဲ့ ပြက်လုံးလေးတစ်ခု ဖြစ်ပေမယ့် ကျွန်တော်ကတော့ အကြောင်းတိုက်ဆိုင်လာတိုင်း ဒီဟာသလေးကို ပြန်ပြန်သတိရနေဖြစ်တယ်။ အထူးသဖြင့် ဘောလုံးပွဲခန့်မှန်းချက်တွေ လွဲတာများလာတဲ့ အခါမျိုးမှာပေါ့ . . .

ကျွန်တော် ဂျာနယ်/အားကစား မီဒီယာ အသိုင်းအဝိုင်းထဲကို ရောက်လာတဲ့အချိန်မှာ ပွဲကြိုခန့်မှန်းချက်ဆိုတဲ့ အကြောင်းအရာနဲ့ စတင်ပြီး ရင်းနှီးလာခဲ့ပါတယ်။

ပွဲကြိုခန့်မှန်းသမားတစ်ယောက် ပြောသမျှ ပရိသတ်က ယုံကြည်ဖို့ သူ Guide လုပ်ပေးတာ လိုက်နာဖို့ဆိုရင် အဲဒီပွဲကြိုသမားရဲ့ အတွေ့အကြုံနဲ့ တွေးခေါ်ပုံကို နှစ်သက်သဘောကျဖို့ လိုပါမယ်။

သူ ခန့်မှန်းပေးတဲ့ပွဲ မှားခဲ့ရင်တောင် အခန့်မသင့်တဲ့ လွဲချော်မှု ဖြစ်တယ်ဆိုတဲ့ ပရိသတ်ရဲ့ယုံကြည်မှုကို ရဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲကြိုခန့်မှန်းသမားတစ်ယောက်အနေနဲ့ ဘောလုံးပွဲတစ်ပွဲကို သုံးသပ်ခန့်မှန်းရင် အလယ်တည့်တည့်ကနေ ကြည့်ပြီး မျှတတဲ့အမြင်နဲ့ ပွဲရလဒ်ကို ခန့်မှန်းနိုင်မှ ာမဟုတ်လား . . .

ဒီအကြောင်းအရာတွေကို ဘာလို့ပြန်ရှင်းနေတာလဲဆိုတော့ အခုတလောမှာ ပွဲကြိုသမားတွေရော သာမန် ဘောလုံးပရိသတ်တွေပါ မမျှော်လင့်ထားခဲ့တဲ့ ပွဲရလဒ်တွေ အနိုင်အရှုံးနဲ့ စိတ်ခံစားမှု ပေးနိုင်ခဲ့တဲ့ ပွဲတွေကို ကြည့်ခဲ့ရလို့ပါပဲ. . .

ဟုတ်တယ် ကျွန်တော်ခန့်မှန်းခဲ့တဲ့ ပွဲတချို့ လွဲခဲ့ပါတယ်။ လွဲတာမှ ဆန့်ကျင်ဘက်ကြီးကို လွဲခဲ့တာ . . . ဘယ်ပွဲတွေ လွဲခဲ့လဲ . . .ဘယ်လို လွဲခဲ့လဲ . . .ဘာကြောင့် လွဲလဲ ??? ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်ရင်း စဉ်းစားကြည့်မိတယ် . . .

အက်စတန်ဗီလာ 7-2 လီဗာပူး

ဒီပွဲကို လွဲတာက ကျွန်တော်တစ်ယောက်တည်း မဟုတ်သလို ကြိုတင်ခန့်မှန်းတဲ့ လူ အားလုံး လွဲခဲ့ကြမှာ ရာနှုန်းပြည့်ပါပဲ။

မနှစ်က ပရီးမီးယားလိဂ်မှာ နောက်ဆုံးပွဲ နောက်ဆုံးခရာမှုတ်တဲ့ အချိန်အထိ တန်းဆင်းရမလားဆိုတာ ရင်တထိတ်ထိတ် ဖြစ်ခဲ့ရတဲ့ ဗီလာက လက်ရှိချန်ပီယံအသင်းကို အသက်ရှူချိန်တောင် မပေးဘဲ (၇)ဂိုးသွင်းပြီး နိုင်သွားတာက ဘောလုံးကမ္ဘာတစ်ခုလုံးအတွက် Shock အကြီးကြီးတစ်ခု ဖြစ်ပါတယ်။

ပွဲကို ကြည့်လိုက်ရင်လည်း လီဗာပူးက ကစားပုံအပိုင်းတောင် မသာဘဲ ဗီလာကချည်း ကောင်တာတွေနဲ့ တစ်လုံးပြီးတစ်လုံး . . . ဘာတွေဖြစ်ကုန်တာလဲ . . .

နောက်ပိုင်း ပြန်ဆန်းစစ်ကြည့်တော့ ပွဲမတိုင်ခင် (၃-၄)ရက်မှာ တိုက်စစ်မှူးမာနေးနဲ့ ကွင်းလယ်က အယ်ကန်တာရာက ကိုဗစ်ပေါ့စတစ် ဖြစ်တယ်။

ဆက်ပြီး စဉ်းစားမိတာက ဒီပြဿနာကြောင့် Training Session တွေ နားရမယ်။ ဒီပွဲအတွက် အသင်းလိုက်ပြင်ဆင်မှု ဘာမှလည်း သေသေချာချာ မလုပ်ခဲ့ရဘူး။

ဒီအချိန်မှာ ဗီလာက အဖွင့်ပွဲတွေ ဆက်တိုက်နိုင်ပြီး စိတ်ဓာတ်တက်နေတဲ့အချိန်။ ဒီပွဲတစ်ပွဲတည်းအတွက် သေသေချာချာပြင်ဆင် အကွက်ချပြီးမှ ပြင်ဆင်လာတာ။

ဒီလိုရလဒ်မျိုး ဖြစ်တာက အကြောင်းတိုက်ဆိုင်မှုတွေ နောက်ခံ အခြေအနေတွေကြောင့် မတော်တဆဖြစ်တယ် ဆိုပေမယ့် ဗီလာရဲ့ ပွဲအပေါ် အာရုံစိုက်အားထုတ်မှုက အံ့သြစရာရလဒ်ရဲ့ အခြေခံပဲလေ။

ဘောလုံးမှာ ဒီလို အခြေအနေတွေက တစ်ခါတလေ ဖြစ်တတ်ပါတယ် . . .

ဘိုင်ယန်မြူးနစ် 4-0 အက်သလက်တီကို

ဒီပွဲကို ထိုင်ကြည့်လိုက်တဲ့ လူတွေအတွက် မထူးဆန်းဘူးလို့ပြောနိုင်ပါတယ်။ ဘိုင်ယန်က ကလေးနဲ့လူကြီး ကစားသလို ကစားပြီး နိုင်သွားတာကြောင့် မထူးဆန်းဘူးလို့ ပြောကောင်းပြောမှာပဲ။

ပွဲမကစားခင် ပွဲကြိုခန့်မှန်းဖို့ လုပ်နေတဲ့အချိန်မှာ ဘိုင်ယန် တောင်ပံတိုက်စစ်က ဂနာဘရီလည်း ကိုဗစ်ပေါ့စတစ် ဖြစ်ပြီတဲ့ . . . သတင်းတက်လာတယ်။

ကျွန်တော် လှေနံဓားထစ်သမား မဟုတ်ပေမယ့် ဒါက သတိထားရမယ် ဆိုတာကိုတော့ ကိုယ့်ကိုယ်ကိုယ် သတိပေးဖြစ်တယ်။

ဒီနှစ်သင်း ကစားထားတဲ့ပွဲတွေ လက်ရှိအခြေအနေတွေကို ပုံပြန်ဖော်ကြည့်တယ်။ Data တွေစုတယ်။

ဘိုင်ယန်က ၄ ပွဲကစား ၃ ပွဲနိုင်၊ ၁ ပွဲသရေ ရဂိုးက (၁၇)ဂိုး၊ ပေးဂိုးက (၈)ဂိုး။ အက်သလက်တီကိုလည်း ၄ ပွဲကစား ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရဂိုး (၈)ဂို၊း ပေးဂိုး (၁)ဂိုး။

ဒီနှစ်သင်း အခြေအနေကို ဒီ Data တွေမြင်ရုံနဲ့ ပုံဖော်နိုင်မှာပါ။ တစ်သင်းက အစွန်းရောက်တိုက်စစ်၊ တစ်သင်းက အစွန်းရောက်ခံစစ်။

၂ သင်းလုံးက သူ့အပိုင်းနဲ့သူ ထူးချွန်တဲ့ အသင်းတွေချည်း။ ဆိုတော့ အကြိတ်အနယ်ကစားမယ် ဘယ်အသင်းနိုင်နိုင် (၁)ဂိုးထက်မပိုဘူး. ဂိုးနည်းမယ်ဆိုတဲ့ ကောက်ချက်ဆွဲလိုက်တယ်။

ဘယ်လောက်များ လွဲလိုက်လဲ . . .

တစ်ခါတလေမှာ ဘောလုံးပွဲတွေကို ပွဲကြိုခန့်မှန်းကြတဲ့အခါမှာ ခန့်မှန်းကြတဲ့ ကျွန်တော်တို့ကိုယ်တိုင် လက်တွေ့နဲ့ မနီးစပ်တဲ့ အခြေအနေတွေ၊ ခေါက်ရိုးကျ ပုံသေနည်းတွေကို ပုံအပ်တတ်ကြတယ်။ ဒီလိုအခါမျိုးမှာ ကျွန်တော်တို့ ခန့်မှန်းမှုတွေက ဆန့်ကျင်ဘက်တွေ ဖြစ်လာတာပေါ့ . . .

ပီအက်စ်ဂျီ 1-2 မန်ယူနိုက်တက်

ဒီပွဲမတိုင်ခင်က ယူနိုက်တက်ရဲ့ အခြေအနေက မကောင်းလှဘူး။ စပါးကို (၆)ဂိုးရှုံးတဲ့ အပြင် ကစားသမားတွေကိုယ်တိုင် ပုဂ္ဂလိက ပြဿနာတွေ ဝေဖန်မှု ဖိအားတွေအောက်မှာ ရောက်နေတယ်။

ပွဲမကန်ခင် နောက်ဆုံးကစားခဲ့တဲ့ EPL မှာ နယူးကာဆယ်ကို ဂိုးပြတ်နိုင်ခဲ့တာတောင် အကောင်းမြင်လို့မရတဲ့ ခြေစွမ်းမျိုး။ ကာဆယ်က စိန့်မက်ဆီမင်လို ကစားသမားကို ခက်ခက်ခဲခဲ လိုက်ဖျက်နေတဲ့ အခြေအနေတွေက ဘာပေတို၊့ နေမာတို့နဲ့ဆို မလွယ်ဘူးဆိုတဲ့ အတွေးလည်း တော်တော် ခိုင်မာနေတယ်။

ဒါ့အပြင် ပွဲကစားခါနီး ဒဏ်ရာကြောင့် မက်ဂွိုင်းယား၊ ဂရင်းဝုဒ်တို့လည်း မပါနိုင်ဘူးဆိုတော့ ပဲရစ်မှာ ဂိုးတွေ အများကြီးပြတ်ပြီး အရှက်တကွဲ မဖြစ်စေဖို့လောက်ပဲ မျှော်လင့်ရမှာလို့တွေးခဲ့မိတယ်။

တကယ်ကစားတဲ့ ပွဲကျတော့ ကိုယ်ထင်ထားတာတွေက အကုန်ပြောင်းပြန်။ ယူနိုက်တက် ကစားသမားတွေက ဒီနှစ်မှာ တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံနဲ့ ကျားကုတ်ကျားခဲ ကစားသွားပြီး ပွဲပြီးတော့ ထိုက်ထိုက်တန်တန် နိုင်သွားတယ်။

ဘာတွေဖြစ်ကုန်တာလဲ။ ပွဲကစားတဲ့အချိန်မှာ ယူနိုက်တက်ရဲ့ စွမ်းဆောင်မှုက သူတို့ EPL ကထက် ပိုကောင်းတယ်ဆိုတာ မှန်ပေမယ့် ဒီလိုရလဒ်ကို ပြောင်းပြန်လှန်နိုင်တဲ့ အထိတော့ မစွမ်းလှဘူး။

တစ်ဖက်က PSG က ဒီပွဲအဖြေမှာ စကားပြောသွားတယ်။ PSG က ကစားသမားတွေအနေနဲ့ လွန်ခဲ့တဲ့ (၂)နှစ်က သူတို့အိမ်ကွင်းမှာရှုံးပြီး ချန်ပီယံလိဂ်က ထွက်ခဲ့တဲ့အနာကို ခံနေရတုန်းထင်တယ်။

ဒီတစ်ခါတော့ ယူနိုက်တက် အခြေအနေမလှတဲ့ အချိန်မှာ လက်စားချေလိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်ခံမျိုးနဲ့ ပြင်ဆင်လာပုံပဲ။

ဒီတော့ အဲဒီနေ့က PSG ကစားပုံက ထိရောက်တဲ့ တွဲလုံးတွေ ခြိမ်းခြောက်မှုတွေ မရှိဘဲ တစ်ယောက်ချင်း ဆွဲဝင်တဲ့ Solo Play ပုံစံတွေနဲ့ သူတို့နည်းပြ တူချယ်ချပေးထားတဲ့ ပုံစံအပြင်ဖက်ကို တဖြည်းဖြည်းချင်း ထွက်သွားတယ်။

ဒီအချိန်မှာ ယူနိုက်တက်ကလည်း ဒီပွဲအတွက် ကစားကွက်နဲ့ လူနေရာချပုံတွေ စနစ်တကျ လုပ်ထားသလို စိတ်ဓာတ်ပြင်းပြမှုကလည်း ထပ်ပေါင်းနေတော့ ပွဲအပြီးမှာ ဒီလိုရလဒ်ဖြစ်သွားခဲ့တာပဲ . . .

လွဲတဲ့အခါလည်း လွဲပေမပေါ့

ကျွန်တော်တို့ ဝါသနာပါတဲ့ စိတ်ဝင်စားတဲ့ ဘောလုံးဆိုတဲ့ အားကစားနည်းဟာ အနုပညာအဆန်ဆုံး အားကစားနည်းလို့ တင်စားကြတယ်။ ဘောလုံးပွဲကပေးတဲ့ ရသတွေက မျှော်လင့်ထားတဲ့အတိုင်း ပုံသေကားကျ အမြဲတမ်း မဖြစ်လာနိုင်ဘူး။

ကောင်းတယ်၊ ဆိုးတယ်၊ တော်တယ်၊ ညံ့တယ်ဆိုတဲ့ စံနှုန်းသတ်မှတ်ချက်တွေကတောင် မိနစ်တိုင်း စက္ကန့်တိုင်းမှာ အပြောင်းအလဲ အတက်အကျ ရှိနေတယ်။

ဒါကြောင့် ဘောလုံးပွဲတစ်ပွဲရဲ့ ရလဒ်ဆိုတာကို ခန့်မှန်းရင် အမြဲမှန်ဖို့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အသင်း၂ သင်း ကစားတဲ့အခါမှာ ပိုကောင်းတဲ့အသင်းက အမြဲတမ်းနိုင်ရမယ်ဆိုတဲ့ ပုံသေနည်း မရှိလို့ပါပဲ။

ဒီလို ကမောက်ကမ ရလဒ်တွေလို့ပြောကြတဲ့ Upset ရလဒ်တွေကပဲ ဘောလုံးအားက စားနည်းရဲ့အကောင်းဆုံးဆွဲဆောင်မှု ဖြစ်နေတာပဲ မဟုတ်လား။

သေချာတာကတော့ အဖွင့်မှာပြောခဲ့တဲ့ ဟာသအဟောင်းလေးထဲက ဘကြီးပြောတဲ့ လူ ၂၂ ယောက်က အလုံးတစ်လုံးတည်းကို လုကန်နေတယ်ဆိုတာက မှန်တော့မှန်ပါရဲ့။

ဒါပေမဲ့ ကျွန်တော်တို့ ဘောလုံးချစ်သူတွေက ဒီအလုံးတစ်လုံးတည်း လုကန်တာကို ကြည့်ကြတာ မဟုတ်ဘဲ ကန်နေတဲ့လူတွေရဲ့ စိတ်အခြေအနေ၊ နည်းပြတွေရဲ့ ဉာဏ်ကစားမှုတွေ နောက် မမျှော်လင့်ထားတဲ့ အံ့သြမှုတွေအတွက် ဘောလုံးပွဲတစ်ပွဲကို ကြည့်နေကြတာ မဟုတ်လား . . .

ဒီအချက်တွေကြောင့်ပဲ ဘောလုံးဆိုတာ ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုအကောင်းဆုံး အား ကစားရယ်လို့ဖြစ်လာခဲ့တာ မဟုတ်လား . . .

Facebook Comments Box
Facebook Comment