ခက်ခဲသည့် ရာသီတစ်ခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း ဇီဒန်း ဝန်ခံ

ချန်ပီယံလိဂ်၌ မိုချင်ဂလက်ဘတ်နှင့် နှစ်ဂိုးစီသရေကျပြီးနောက် နည်းပြဇီဒန်းက ရီးရဲလ်မက်ဒရစ်အသင်းမှာ ခက်ခဲသည့် ရာသီတစ်ခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း ဝန်ခံ ပြောကြားလိုက်သည်။ ရီးရဲလ်မက်ဒရစ်သည် မားကပ်စ်သူရမ်၏ ဂိုးများကြောင့် မိုချင်ဂလက်ဘတ်ကို နောက်ကလိုက်ကစားခဲ့ရပြီး ပွဲပြီးခါနီးတွင် ဘန်ဇီးမားနှင့် ကက်စ်မီရိုတို့ သွင်းယူသည့် ဂိုးကြောင့် ချန်ပီယံလိဂ်တွင် ၄ ပွဲဆက် အရှုံးနှင့် ရင်ဆိုင်ရမည့်အခြေအနေကို ရှောင်လွဲနိုင်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သည့် ဘန်ဇီးမားသည် ချန်ပီယံလိဂ်တွင် ကွဲပြားသည့် ပြိုင်ဘက် ၃၀ သင်းကို ဂိုးသွင်းနိုင်သည့် ကစားသမား ဖြစ်လာခဲ့သည်။ လက်ရှိအချိန်တွင် မက်ဆီက ကွဲပြားသည့် ပြိုင်ဘက် ၃၆ သင်းကို ဂိုးသွင်းနိုင်သူ အဖြစ် ရပ်တည်နေပြီး ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ရာအူးလ်တို့က ၃၃ သင်းဖြင့် ဒုတိယနေရာမှာ ရပ်တည်နေသည်။

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် ရှက်တာဒိုးနက်စ်ကို ရှုံးနိမ့်ထားသည့် ရီးရဲလ်မက်ဒရစ်သည် မိုချင်ဂလက်ဘတ်နှင့်ပွဲတွင်လည်း အကောင်းဆုံးပုံစံ ရရှိရန် ရုန်းကန်ခဲ့ရပြီး ခံစစ်အမှားများ ပြုလုပ်ခဲ့သည်။

ဇီဒန်းက “ဒီရာသီက လူတိုင်းအတွက် ခက်ခဲတဲ့ ရာသီဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်အသင်းရဲ့ တုံ့ပြန်တိုက်ပွဲဝင်မှုအတွက် ဂုဏ်ယူပါတယ်။ ဒီပွဲမှာလို ခြေစွမ်းမျိုးနဲ့ ကစားမယ်ဆိုရင် အုပ်စုအဆင့်ကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်သို့ တက်နိုင်မယ်ဆိုတာ လုံးဝ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး”ဟု ပြောကြားသွားခဲ့သည်။

ရီးရဲလ်မက်ဒရစ်သည် လာမည့်စနေနေ့တွင် ဟူစကာကို ဧည့်ခံကစားသွားရမည် ဖြစ်သည်။ ယင်းနောက် ၎င်းတို့သည် လာမည့်အပတ်ဗုဒ္ဓဟူးနေ့တွင် ဘာနေဗျူးကွင်း၌ အင်တာမီလန်ကို ဧည့်ခံကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment