ခက်ခဲသည့် ချန်ပီယံလိဂ်အုပ်စုတွင် ကျရောက်နေကြောင်း ကလော့ပ် ပြောကြား

ဂျာဂင်ကလော့ပ်က လီဗာပူးမှာ ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ခက်ခဲသည့် အုပ်စုအတွင်း ကျရောက်နေကြောင်း ပြောကြားလိုက်သည်။ ၂၀၂၀-၂၁ ချန်ပီယံလိဂ် အုပ်စုမဲခွဲခဲ့ရာတွင် လီဗာပူးသည် အုပ်စု(ဃ)တွင် အေဂျက်စ်၊ အတ္တလန္တာ၊ မက်ဂျီလန်းတို့နှင့် ထိပ်တိုက်တွေ့နေသည်။

လီဗာပူးပရိသတ်များက ၎င်းတို့မှာ အုပ်စုချောင်အတွင်း ကျရောက်နေကာ ၁၆ သင်းရှုံးထွက်အဆင့်သို့ အလွယ်တကူ တက်ရောက်နိုင်မည်ဟု ယုံကြည်နေသည်။ သို့ရာတွင် ကလော့ပ်ကမူ ၎င်းတို့မှာ အုပ်စု(ဃ)တွင် ခက်ခဲသည့် စမ်းသပ်မှုများနှင့် ရင်ဆိုင်ရမည်ဟု ဆိုသွားသည်။

အေဂျက်စ်သည် လွန်ခဲ့သည့် နှစ်ရာသီတုန်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အသင်း ဖြစ်ပြီး အတ္တလန္တာမှာလည်း ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်သို့အထိ တက်ရောက်နိုင်ခဲ့သည်။ ဒိန်းမတ်ထိပ်သီး ကလပ်မက်ဂျီလန်းမှာလည်း အုပ်စု(ဃ)တွင် အနိမ့်ဆုံးအသင်းဖြစ်သော်လည်း ဆလဗားဗီးယားပရက်ကို အနိုင်ယူကာ အုပ်စုအဆင့်သို့ တက်ရောက်လာခဲ့သည့်အသင်းဖြစ်သည်။

လီဗာပူးသည် ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့် ရာသီတုန်းက ၁၆ သင်းအဆင့်တွင် အက်သလက်တီကိုအား ရှုံးနိမ့်ကာ ထွက်ခဲ့ရသည့်အသင်း ဖြစ်သည်။

ကလော့ပ်က “လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အေဂျက်စ် ဘယ်လောက် ကောင်းခဲ့တယ်ဆိုတာ လူတိုင်း အသိပါ။ သူတို့က တောင့်တင်းတဲ့အသင်းသစ်ကို အမြဲ တည်ဆောက်နေတဲ့ အသင်းပါ။ မက်ဂျီလန်းကလည်း သူတို့အကြောင်း သိပ်မသိသေးတာ စိတ်ဝင်စားဖို့ ကောင်းတဲ့အသင်း ဖြစ်ပါတယ်။ အတ္တလန္တာက ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အရမ်းကောင်းတဲ့ စီမံကိန်းနဲ့ အကောင်းဆုံးအလုပ်လုပ်လာတဲ့အသင်းပါ။ သူတို့ရဲ့ ကစားပုံက အရမ်းကောင်းတာ ကြောင့် ကျွန်တော်ကတော့ ဒီအုပ်စုကို ခက်ခဲတဲ့ အုပ်စုလို့ဘဲ မြင်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

လီဗာပူးသည် ကြာသပတေးညတုန်းက ကာရာဘောင်းဖလား ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်ပွဲတွင် အာဆင်နယ်ကို ပင်နယ်တီဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာထားရသည်။

Facebook Comments Box
Facebook Comment