ကွာရန်တေး ဝင်နေရမှုကြောင့် စပါးစ်၏ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အစောပိုင်းကို ဟယ်ရီကိန်း လွဲချော်

ဟယ်ရီကိန်းသည် အားလပ်ရက်ခရီးမှ ပြန်လာပြီးနောက် ကွာရန်တေးဝင်နေရမှုကြောင့် စပါးစ်အသင်း၏ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အစပိုင်းကို လွဲချော်နေကြောင်းသိရသည်။ အင်္ဂလန်အသင်းခေါင်းဆောင်သည် ဇူလိုင်လ ၂၆ ရက်နေ့က ပဲလေ့စ်နှင့်ကစားရသည့် ရာသီသိမ်းပွဲအပြီးတွင် မိသားစုနှင့်အတူ ဘာဟားမားသို့ အားလပ်ရက်အပန်းခြေခရီး ထွက်ခဲ့သည်။

ဟယ်ရီကိန်းနှင့်မိသားစုတို့ ဘာဟားမားသို့ အပန်းဖြေခရီးသွားစဉ်က ဘာဟားမားမှာ ဗြိတိန်၏ကွာရန်တေးနိုင်ငံစာရင်းများစာရင်းတွင် ပါဝင်ခြင်းမရှိချေ။ သို့ရာတွင် ဗြိတိန်အစိုးရသည် ဩဂုတ်လ ၈ ရက်နေ့တုန်းက ကွာရန်တေးဝင်ရမည့်စာရင်းတွင် ဘာဟားမားကို ထည့်သွင်းခဲ့ရာ ဗြိတိန်သို့ ပြန်လာသည့် ဟယ်ရီကိန်းနှင့်မိသားစုတို့မှာ ၁၄ ရက်ကြာ ကွာရန်တေးဝင်နေရသည်။

မော်ရင်ဟိုနှင့်စပါးစ်ကစားသမားများသည် ပြီးခဲ့သည့်အပတ်က ၂၀၂၀-၂၁ ရာသီအတွက် ရာသီကြိုပြင်ဆင်မှုပြုလုပ်ရန် လေ့ကျင့်ခန်းဆင်း စတင်ပြုလုပ်ခဲ့သည်။ သို့ရာတွင် ဟယ်ရီကိန်းမှာ ကွာရန်တေးဝင်နေရမှုနှင့် စပါးစ်၏ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ် အစောပိုင်းကို လွဲချော်နေရသည်။ ၎င်းအနေဖြင့် ကွာရန်တေး ၁၄ ရက်တာ ပြီးဆုံးချိန်တွင်မှ ဆေးစစ်မှု ပြုလုပ်ကာ အသင်းနှင့် လေ့ကျင့်ခန်းဆင်းခွင့်ရရှိမည်ဖြစ်သည်။

ဟယ်ရီကိန်းသည် လာမည့်အပတ်တွင် ကွာရန်တေးကာလပြည့်ဖွယ်ရှိနေပြီး ယင်းအချိန်မှာ အသင်းနှင့် ပြန်လည်ပူးပေါင်းနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ရာသီသစ် စတင်ရန် လိုအပ်နေသေးရာ ဟယ်ရီကိန်း ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ် အစောပိုင်းအား မပါဝင်နိုင်မှုက မော်ရင်ဟိုအတွက် တစ်စုံတစ်ရာနစ်နာမှု ရှိလာမှာ မဟုတ်ပါဘူး။

ကိန်းသည် လာမည့်ရာသီအတွက် ပြင်ဆင်သည့်အနေဖြင့် အားလပ်ရက်ခရီးစဉ်အတွင်း လေ့ကျင့်ခန်းအစီအစဉ်များ ပုံမှန်ပြုလုပ်ကာ ကြံ့ခိုင်မှုအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားသူလည်းဖြစ်သည်။

Ref: Daily Mail

Facebook Comments Box
Facebook Comment