ကွာရန်တေးရက်မပြည့်မီ ထွက်လာနိုင်သည့် တီယာနေး မန်စီးတီးနှင့်ပွဲတွင် ပါဝင်မည်

အာဆင်နယ်ဘယ်နောက်ခံလူကီရန်တီယာနေးသည် ၁၄ ရက်ကြာ ကွာရန်တေးမှ စောစောစီးစီး ထွက်ခွာလာနိုင်မှုကြောင့် ယနေ့ညတွင် အီတီဟတ်ကွင်း၌ မန်စီးတီးအား သွားရောက်ရင်ဆိုင်ရမည့်ပွဲတွင် ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။

အစောပိုင်းတုန်းက အာဆင်နယ်နည်းပြအာတီတာသည် တီယာနေး မပါဝင်နိုင်မှုကြောင့် ဗဟိုခံစစ်သုံးဦးတွင် ရော့ဘ်ဟိုးဒင်း၊ ဒေးဗစ်လုဇ်၊ ဂါဘရီရယ်တို့ကို သုံးပြီး တောင်ပံခံစစ်တွင် ဘယ်လီရန်နှင့် မိုင်လန်းနီလက်စ်တို့ကိုသုံးရန် စီစဉ်ထားခဲ့သည်။ သို့ရာတွင် ယခုအခါ တီယာနေး ကွာရန်တေးမှ စောစောစီးစီး ထွက်လာနိုင်၍ လူစာရင်းအပြောင်းအလဲ ဖြစ်လာတော့မှာ ဖြစ်သည်။

တီယာနေးသည် စကော့တလန်အတွက် သွားရောက်ကစားစဉ် ကိုဗစ်ကူးစက်ခံရသည့် ဆောက်သမ်တန်အလယ်တန်းကစားသမား အမ်စထရောင်းနှင့် ထိတွေ့မှုရှိသည်ဟု ဆိုကာ အောက်တိုဘာလ ၆ ရက်နေ့မှ စတင်ကာ ၁၄ ရက် ကွာရန်တေးဝင်ရမည့် အခြေအနေ ကြုံခဲ့ရသည်။ တီယာနေးက ၎င်းမှာ ကွာရန်တေးစည်းမျဉ်းအတိုင်း မည်သည့် ကစားသမားနှင့်မျှ ထိတွေ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည့်အပြင် ကိုဗစ်ကူးစက်မှုခံထားရကြောင်း လည်း မတွေ့ရချေ။ သို့ရာတွင် စကော့တလန် အာဏာပိုင်များက တီယာနေးကို အမ်စထရောင်း PlayStation အတူတူ ကစားသည်ဟု ဆိုကာ ကိုဗစ်စည်းမျဉ်း အတိုင်း ၁၄ ရက် ကွာတန်တေး ဝင်စေခဲ့သည်။

သို့ရာတွင် နောက်ဆုံးတွင် အာဆင်နယ်နှင့် စကော့တလန်အာဏာပိုင်တို့အကြား ဆွေးနွေးမှု ပြုလုပ်ခဲ့ရာ အောင်မြင်မှုရရှိခဲ့၍ တီယာနေးမှာ ကွာရန်တေးမှာ စောစီးစွာ လွတ်မြောက်လာခဲ့သည်။

ထို့အပြင် တီယာနေးကဲ့သို့ပင် ဆဲလ်တစ်မှ ရိုင်ယန်ခရစ်တီးမှာလည်း ကွာရန်တေး ၁၄ ရက် ဝင်ရမည့်အရေးမှ လွတ်မြောက်ခဲ့သည်။ ခရစ်တီးမှာလည်း ကွာရန်တေးမှ လွတ်မြောက်လာ၍ ယနေ့ညတွင် ရိန်းဂျားနှင့် ကစားရမည့် Old Firm ဒါဘီပွဲတွင် ပါဝင်လာမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment