ကွာရန်တေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ရော်နယ်ဒိုနှင့် အခြားဂျူဗင်တပ်ကစားသမားခြောက်ဦး စစ်ဆေးခံနေရ

ခရစ္စတီယာနိုရော်နယ်ဒိုနှင့် အခြားဂျူဗင်တပ်ကစားသမားခြောက်ဦးတို့သည် ကွာရန်တေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ရဲတပ်ဖွဲ့၏စုံစမ်း စစ်ဆေးမှုခံနေရပြီး အမှုထင်ရှားပါက ပေါင် ၉၀၀ ဒဏ်ရိုက်ခြင်းခံရနိုင်ကြောင်း သိရသည်။

ခရစ္စတီယာနိုင်ရော်နယ်ဒိုအပါအဝင် ဂျူဗင်တပ် ကစားသမား ၇ ဦးတို့သည် ပြီးခဲ့သည့် တနင်္လာနေ့တုန်းက ၎င်းတို့အား ကွာရန်တေးထားရာ နေရာမှ ခွင့်ပြုချက် မရရှိဘဲ ထွက်ခွာ သွားခဲ့ကြခြင်း ဖြစ်သည်။

ဂျူဗင်တပ်သည် ပြီးခဲ့သည့်အပတ်စနေနေ့တုန်းက အသင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦး တွေ့ရှိပြီးနောက် ကစားသမားများအား ကွန်တီနက်စ်ဆာရှိ J Hotel တွင် ကွာရန်တေးဝင်ခိုင်းခဲ့သည်။

TuttoSport ၏ ဖော်ပြချက်အရ တနင်္လာနေ့ နံနက်ပိုင်းတွင် ဘူဖွန်နှင့် ဒီမီရယ်တို့သည် J Hotel မှ ထွက်ခွာကာ နေအိမ်သို့ ပြန်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ရိုဒရီဂိုဘန်တန်ကော်၊ ဂျူအန်ကွာဒရာဒို၊ ဒါနီလို၊ ပေါ်လိုဒိုင်ဘာလာ၊ ခရစ္စတီယာနိုရော်နယ်ဒိုတို့မှာလည်း လက်ရွေးစင်အသင်းအတွက် ကစားရန် J Hotel မှ ထွက်ခွာသွားခဲ့ကြသည်။

ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဂျူဗင်တပ်ကစားသမားတို့သည် J Hotel မှ မထွက်ခွာမီ နှစ်ကြိမ်တိုင်တိုင် ကိုဗစ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ Negative ထွက်ထားကြသည်။ သို့ရာတွင် ဂျူဗင်တပ်က ကျန်းမာရေးဌာန၏စည်းကမ်းအတိုင်း ကစားသမားများကို ရက်အနည်းငယ်ကြာ ကွာရန်တေးဝင်ခိုင်းခဲ့သည်။ သို့ရာတွင် ရော်နယ်ဒိုသည် ကွာရန်တေး ဆက်ဝင်ရမည်ဆိုပါက ပေါ်တူဂီ၏လက်ရွေးစင်ပွဲကို လွဲချော်မည်ဖြစ်ရာ လက်မခံဘဲ ဟိုတယ်မှ ဦးစွာ ထွက်ခွာသွားခဲ့သည်။ ယင်းနောက်တွင် အခြားကစားသ မားများကလည်း J Hotel မှ ထွက်ခွာခဲ့ကြသည်။ ရော်နယ်ဒိုသည် တနင်္လာနေ့တွင် တူရင်ရှိ နေအိမ်တွင် မိသားစုနှင့်အတူ အိပ်ပြီးနောက် နောက်တစ်နေ့တွင် လက်ရွေးစင်အသင်းနှင့်ပူးပေါင်းရန် ပေါ်တူဂီသို့ ထွက်ခွာသွားခဲ့သည်။

ဂျူဗင်တပ်သည် အဆိုပါ ကစားသမားများအား J Hotel မှ မထွက်ခွာရန် တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ သို့ရာတွင် ဂျူဗင်တပ်သည် ယင်းနှင့်ပတ်သက်၍ ဒေသခံကျန်းမာရေးဌာနသို့ အကြောင်းကြားထားပြီး ဖြစ်သလို ထွက်ခွာသည့် ကစားသမား အမည်စာရင်းကိုလည်း ပေးအပ်ထားပြီး ဖြစ်သည်။

လက်ရှိအချိန်တွင် ဂျူဗင်တပ်သည် အသင်းရှိ ကစားသမားများအား ကွာရန်တေး ဆက်ဝင်စေခိုင်းလျက်ရှိသည်။ ယင်းအထဲမှ အချို့မှာ လက်ရွေးစင်အသင်းတွင် ရွေးချယ်ခြင်းခံထားရသူများ ဖြစ်သည်။

Facebook Comments Box
Facebook Comment