ကွန်မန့်တစ်ခုတည်းနဲ့ အပြောင်းအရွှေ့သတင်းတွေကို တုံ့ပြန်လိုက်တဲ့ လာကာဇက်

ယခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း လန်ဒန်အခြေစိုက်ကလပ်အား စွန့်ခွာတော့မည်ဟု သတင်းထွက်နေသော အာဆင်နယ်တိုက်စစ်မှူး လာကာဇက်က ထွက်ပေါ်နေသော ကောလာဟလ သတင်းများနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ကွန်မန့်တစ်ခုသာ ရေးသားခြင်းဖြင့် တုံ့ပြန်လိုက်သည်။

ယမန်နှစ်ရာသီက အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၃၉ ပွဲတွင် ၁၂ ဂိုးသွင်းကာ အက်ဖ်အေဖလား ဆွတ်ခူးထားသော အသက် ၂၉ နှစ်အရွယ် လာကာဇက်ကို အာဆင်နယ်က အသုံးစရိတ်ရရှိရန် ရောင်းချသွားဖွယ် ရှိနေ သည်။

၂၀၁၇ တွင် လိုင်ယွန်မှ ပေါင် ၄၆ ဒသမ ၅ သန်းဖြင့် အာဆင်နယ်သို့ ရောက်ရှိလာသော လာကာဇက်ကို စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်နှင့် လာလီဂါထိပ်သီး အက်သလက်တီကိုတို့က စိတ်ဝင်စားနေသည်။

အင်္ဂလန်သို့ ရောက်ရှိလာပြီးနောက် အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၂၇ ပွဲတွင် ၄၈ ဂိုးသွင်းထားသော လာကာဇက်သည် လန်ဒန်အခြေစိုက်ကလပ်နှင့် စာချုပ်သက်တမ်း ၂ နှစ် ကျန်နေသေးသည်။

ထိပ်တန်း အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက လာကာဇက်၏ ကိုယ်စားလှယ်များသည် ဂျူဗင်တပ်စ် တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးဖြစ်သည်ဟု အတိအကျ ရေးသားထားသည်။

ထို့ကြောင့် လာကာဇက် အသင်းမှ ထွက်ခွာမည်ကို စိုးရိမ်နေသော ပရိသတ်တစ်ဦးက အင်စတာဂရမ်မှတစ်ဆင့် ၎င်း၏ အနာဂတ်အတွက် မေးမြန်းရာ လာကာဇက်က “စကားတစ်ခွန်းပဲ.. ဆက်နေမယ်”ဟု ကွန်မန့်ပြန်ရေးခဲ့သည်။

ဆက်လက်၍ ၎င်းက အသင်းဖော် အော်ဘာမီယန်၏ စာချုပ်သက်တမ်းတိုးရေးအပေါ် ကလပ်အသင်းနှင့် ဆွေးနွေးမှုများစွာ ပြုလုပ်နေသည်ဟု ကြားသိရသော်လည်း မည်သို့ ဆုံးဖြတ်မလဲဆိုသည်ကိုမူ မသိရသေး ဟု ပြောသည်။

Ref:Mirror

Facebook Comments Box
Facebook Comment