ကွင်းအတွင်း ပရိသတ် ဝင်ကြည့်ခွင့်ပေးရန် အစိုးရထံ ပရီးမီးယားလိဂ် တောင်းဆို

ပရီးမီးယားလိဂ်သည် အိတ်ဖွင့်ပေးစာရေးသားကာ ကွင်းအတွင်းသို့ ပရိသတ်များအား အမြန်ဆုံး ဝင်ကြည့်ခွင့်ပေးရန် ဗြိတိန်အစိုးရထံသို့ တောင်းဆိုလိုက်သည်။ ပရီးမီးယားလိဂ်၏အိတ်ဖွင့်ပေးစာတွင် အင်္ဂလန်ဘောလုံးလိဂ်( EFL)၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့် အမျိုးသမီးဘောလုံးအဖွဲ့ချုပ်တို့တို့ကလည်း လက်မှတ်ရေးထိုးထားကြပြီး ကွင်းများအတွင်းသို့ ပရိသတ်အကန့်အသတ်ဖြင့် လုံခြုံစိတ်ချစွာ ဝင်ကြည့်ခွင့်ပေးရန် တောင်းဆိုလာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်လတုန်းက ဗြိတိန်ဝန်ကြီးချုပ် ဘိုရစ်ဂျွန်ဆင်က အောက်တိုဘာလ ၁ ရက်နေ့တွင် အားကစားပွဲများအား ပရိသတ်များ ဝင်ကြည့်ခွင့်ပေးရေးကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပြီး နောက်ခြောက်လအထိ ပရိသတ်ဝင်ခွင့်ပေးနိုင်ဖွယ် မရှိကြောင်း ကြေညာခဲ့သည်။

လက်ရှိအချိန်မှာ ဂျာမနီတွင် ကွင်းများအတွင်းသို့ ပရိသတ်များကို အရေအတွက် အကန့်အသတ်ဖြင့် ဝင်ရောက်ကြည့်ခွင့်ပေးနေသည်။ ထို့အပြင် ယူအီးအက်ဖ်အေကလည်း ၎င်းတို့ ကြီးမှူးကျင်းပသည့် ချန်ပီယံလိဂ်ပွဲစဉ်များ၊ ယူရိုပါလိဂ်ပွဲစဉ်များ၊ UEFA Nations League ပွဲစဉ်များတွင် ဒေသခံအာဏာပိုင်၏ ခွင့်ပြုချက် ရရှိပါက ပရိသတ်များကို အကန့်အသတ်ဖြင့် ဝင်ကြည့်ခွင့်ပေးလိုက်ပြီဟု ကြေညာထားသည်။

အင်္ဂလန်ဘောလုံးလောကတွင်လည်း ကွင်းအတွင်းသို့ ပရိသတ်များ ဝင်ကြည့်ခွင့်ပေးရေးအတွက် ရာသီကြို ခြေစမ်းပွဲ ၁၁ ပွဲတွင် ပရိသတ်ဦးရေအကန့်အသတ်ဖြင့် ဝင်ကြည့်ခွင့်ပေးကာ စမ်းသပ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။

ပရီးမီးယားလိဂ်က ကွင်းအတွင်းသို့ ပရိသတ်များ ဝင်ကြည့်ခွင့်ရရှိရေးအတွက် ၎င်းတို့အနေဖြင့် ပရိသတ်များ အော်ဟစ်အားပေးမှုကို တားဆီးသွားမည့်အပြင် အပူချိန်တိုင်းစနစ်တင်ဆပ်စစ်ဆေးခြင်း၊ နှာခေါင်းစည်း ဝတ်ဆင်စေခြင်းတို့အပြင် လုံခြုံရေးအတွက် လိုအပ်သည့် အရာများအားလုံးကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

ပရီးမီးယားလိဂ်သည် ကလပ်အသင်းများမှာ ကွင်းအတွင်းသို့ ပရိသတ် ဝင်ကြည့်ခွင့်မရမှုနှင့်အတူ ငွေကြေး အရှုံးပေါ်မှုများ ရင်ဆိုင်နေရ၍ ကွင်းအတွင်း ပရိသတ်များကို အမြန်ဆုံး ဝင်ကြည့်ခွင့်ပေးရေး လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

Facebook Comments Box
Facebook Comment