
ကွင်းလယ်လူ ဖရန့်ကက်ဆီးကို သက်တမ်းတိုးရန် အေစီမီလန် ကြိုးစားနေ
အေစီမီလန်သည် အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ဖရန့်ကက်ဆီးကို စာချုပ်သက်တမ်း တိုးနိုင်ရေးအတွက် ကြိုးစားလျက်ရှိကြောင်း အီတလီ မီဒီယာများက ဖော်ပြသည်။
၂၀၁၇ ခုနှစ်တွင် အတ္တလန္တာမှ အဌားလာကစားသော ကက်ဆီး၏ခြေစွမ်းအား နှစ်ခြိုက်သော မီလန်အခြေစိုက် ကလပ်သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၌ အပြီးသတ် ခေါ်ယူခဲ့သည်။
ယခုရာသီ စီးရီးအေ ၇ ပွဲတွင် ၂ ဂိုးသွင်းထားသော ကက်ဆီးသည် အေစီမီလန်အသင်း၏ အဓိက ကစားသမားဖြစ်ပြီး ထိပ်သီးကလပ်များက ၎င်း၏ ခြေစွမ်းအား သဘောကျသောကြောင့် အေစီမီလန်က သက်တမ်းတိုးနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အသက် ၂၃ နှစ်အရွယ် ကက်ဆီးသည် အေစီမီလန်အတွက် ပြိုင်ပွဲစုံ ၁၄၇ ပွဲတွင် ၁၈ ဂိုးသွင်းထားပြီး မီလန်အခြေစိုက် ကလပ်နှင့် ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ စာချုပ်ထားသည်။
အေစီမီလန်သည် ကက်ဆီးကို အခြားအသင်းများထံ လက်လွှတ်မခံလိုသောကြောင့် ကစားသမား၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးနိုင်ရန် ကြိုးစားလျက်ရှိပြီး ကာယကံရှင်ကလည်း လမ်းဖွင့်ထားသည်ဟု သိရသည်။
ထို့ကြောင့် အေစီမီလန်အသင်းမှ တာဝန်ရှိသူများသည် နိုင်ငံတကာ ရက်သတ္တပတ်အပြီးတွင် ကက်ဆီး၏ ကိုယ်စားလှယ်များနှင့် သက်တမ်းတိုးမည့် အခြေအနေအတွက် အသေးစိတ် ဆွေးနွေးသွားမည်ဖြစ်ပြီး ၂ နှစ်တိုးကာ ၂၀၂၄ ခုနှစ်၊ နွေရာသီအထိ ဆက်ထိန်းနိုင်မည်ဟု မျှော်လင့်နေသည်။
Ref:football-italia