ကြွက်သားဒဏ်ရာကြောင့် ၄ ပတ်နီးပါး အနားယူရမယ့် ဘိုင်လီ

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ အဲရစ်ဘိုင်လီသည် ခြေထောက်ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ် ၃ ပတ်မှ ၄ ပတ်ကြား အနားယူရတော့မည်ဖြစ်ရာ နည်းပြဆိုးလ်ရှားအတွက် အခက်တွေ့စရာ ဖြစ်လာသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အသက် ၂၆ နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ဘိုင်လီသည် အဆိုပါ ဒဏ်ရာကြောင့် ပီအက်စ်ဂျီအား ၂-၁ ဂိုးဖြင့် အနိုင်ရသော ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲကစားရန် ပါရီသို့ မလိုက်ပါနိုင်ခဲ့ပေ။

၎င်းသည် နယူးကာဆယ်အား ၄-၁ ဂိုးဖြင့် အနိုင်ရသောပွဲတွင် အရန်လူစာရင်းထဲ ပါဝင်ခဲ့သော်လည်း နည်းပြဆိုးလ်ရှားက ထည့်သွင်းအသုံးပြုခဲ့ခြင်း မရှိသောကြောင့် ထိုမတိုင်ခင်ကတည်းက ဒဏ်ရာရဖွယ် ရှိနေသည်။

၂၀၁၆ ခုနှစ်တွင် ဗီလာရီးရဲလ်မှ ပေါင် သန်း ၃၀ ဖြင့် ပြောင်းရွှေ့လာသော ဘိုင်လီသည် မန်ချက်စတာသို့ ရောက်ရှိလာချိန်ကတည်းက ဒူး၊ ခြေကျင်းဝတ် စသည့် ဒဏ်ရာများကြောင့် အနားယူခဲ့ရသည့်အချိန်က ရက် ၃၀၀ ကျော်ရှိသည်။

ယခုနောက်ဆုံး ရရှိထားသော ကြွက်သားဒဏ်ရာကြောင့် ဘိုင်လီသည် လာမည့်နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်များ မတိုင်မီအထိ ကစားနိုင်မည် မဟုတ်ဘဲ ယူနိုက်တက်၏ ရှေ့ပွဲများဖြစ်သော ချဲလ်ဆီး၊ လိုက်ပ်ဇစ်၊ အာဆင်နယ်၊ အစ္စတန်ဘူလ်၊ အဲဗာတန်တို့နှင့် ကစားရမည့်ပွဲများအား လွဲချော်ရမည် ဖြစ်သည်။

ပီအက်စ်ဂျီနှင့်ပွဲတွင် ပါရီသို့ လိုက်ပါနိုင်ခြင်းမရှိသော အသင်းခေါင်းဆောင် မက်ဂွိုင်းယားသည် လာမည့်စနေ အိုးလ်ထရက်ဖို့ဒ်တွင် ချဲလ်ဆီးအား လက်ခံကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင်မူ ယူနိုက်တက်အတွက် ပါဝင်ကစားဖွယ် ရှိနေသည်။

ယူနိုက်တက်သည် ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီး တစ်ပွဲလျော့ကစားကာ ရမှတ် ၆ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၅ တွင် ရပ်တည်လျက်ရှိပြီး ၁၂ ဂိုး အသွင်းခံထားရသည်။

Ref:TheSun

Facebook Comments Box
Facebook Comment