ကြွက်သားဒဏ်ရာကြောင့် ဘိုနူချီ ၃ ပတ်နီးပါး အနားယူရမည်

အီတလီနှင့် ဂျူဗင်တပ်စ် နောက်ခံလူ လီယိုနာဒိုဘိုနူချီသည် ကြွက်သားဒဏ်ရာကြောင့် ရက် ၂၀ ခန့် အနားယူရမည်ဖြစ်ကြောင်း အီတလီ အားကစားသတင်းစာ La Gazzetta dello Sport က ဖော်ပြသည်။

အသက် ၃၃ နှစ်အရွယ် ဘိုနူချီသည် နိုင်ငံတကာ ပွဲစဉ်များကစားမည့် အီတလီအသင်းတွင် ရွေးချယ်ခံထားရပြီး အက်စတိုးနီးယားအား ၄ ဂိုးပြတ် အနိုင်ရသောပွဲ၌ အရန်လူစာရင်းတွင် ပါဝင်ခဲ့သော်လည်း ပါဝင်ကစားခြင်း မရှိပေ။

ယနေ့နံနက်တွင် ကြွက်သားဒဏ်ရာဟောင်း ထပ်မံထိခိုက်သွားပြီးနောက် အီတလီအသင်းမှ နုတ်ထွက်ကာ ဒဏ်ရာအတိမ်အနက်ကို ရက်ပိုင်းအတွင်း စစ်ဆေးမည်ဖြစ်ပြီး ခွဲစိတ်ကုသသွားမည် ဖြစ်သည်။

ထို့ကြောင့် အီတလီ အသင်းအတွက် ၉၉ ပွဲတွင် ၇ ဂိုးသွင်းထားသော ၎င်းသည် ပိုလန်၊ ဘော့စနီးယားတို့နှင့် ကစားမည့် နေးရှင်းလိဂ်ပွဲစဉ်များအား လွဲချော်ရမည်ဖြစ်သည်။

ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ ဘိုနူချီက “အရာအားလုံးအတွက် ကြိုးစားခဲ့တယ်။ လွန်ခဲ့တဲ့ ရက် ၂၀ ကျော်ကတည်းက သွားကိုကြိတ်ပြီး ကြိုးစားကစားခဲ့တယ်။ လာဇီယိုနဲ့ ကစားတဲ့ပွဲမှာဆိုရင်လည်း ဒီနာကျင်မှုတွေ အဝေးကို ထွက်သွားပါစေလို့ မျှော်လင့်မိတယ်။

ဒါပေမဲ့လည်း နာကျင်မှုက ထပ်ပြီးတော့ပဲ တိုးလာတယ်။ ဘယ်လောက်အထိ နာကျင်မလဲလို့ ကိုယ့်ခန္ဓာကိုယ်ကိုတောင် အများကြီးမေးခဲ့တယ်” ဟု ပြောသည်။

ဘိုနူချီသည် ကက်ဂလီယာရီ၊ ဘီနီဗန်တို၊ ဖီရန်ဗာရို့စ်၊ ဒိုင်နမိုကိဗ်တို့နှင့် ကစားရမည့်ပွဲများအား လွဲချော်ရမည်ဖြစ်သလို ဒီဇင်ဘာ ၅ ရက်တွင် တိုရီနိုနှင့် ကစားမည့်ပွဲမှသာ ပြန်ကစားနိုင်မည် ဖြစ်သည်။

Ref:LaGazzettadelloSport

Facebook Comments Box
Facebook Comment