ကြံ့ခိုင်မှု မပြည့်ဝ၍ နေမာကို ဘရာဇီးလ်ဆေးအဖွဲ့ ပြန်လည်စေလွှတ်

ဘရာဇီးလ်အသင်း၏ ဆေးအဖွဲ့သည် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို စစ်ဆေးကြည့်ရာ ပွဲကစားရန် ကြံ့ခိုင်မှုပြည့်ဝသည့် အခြေအနေ မရှိသောကြောင့် လက်ရွေးစင်အသင်း အခြေစိုက်ရာစခန်းမှ ပြန်လည်စေလွှတ်ခဲ့သည်။

ထို့ကြောင့် အသက် ၂၈ နှစ်အရွယ် နေမာသည် ဘရာဇီးလ်အသင်း အခြေစိုက်ရာ ဆော်ပေါ်လိုမြို့မှ ပီအက်စ်ဂျီအသင်း တည်ရှိရာ ပါရီမြို့ရှိ ၎င်း၏နေအိမ်သို့ ပြန်လည်ထွက်ခွာခဲ့ရသည်။

ဘရာဇီးလ်အတွက် ၁၀၃ ပွဲကစားကာ ၆၄ ဂိုးသွင်းထားသော နေမာသည် အစ္စတန်ဘူလ်အား ၂-၀ ဂိုးဖြင့် အနိုင်ရသော ချန်ပီယံလိဂ်ပွဲတွင် ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်က ၄ ပတ်ခန့် အနားယူရမည်ဟု ပြောကြားထားသည်။

သို့သော်လည်း ဘရာဇီးလ်နည်းပြ တီတီက ဗင်နီဇွဲလား၊ ဥရုဂွေးတို့နှင့် ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် နေမာကို ရွေးချယ်ခဲ့ရာ တူချယ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

နေမာသည် ယနေ့ည(နိုဝင်ဘာ ၁၄ ရက် နံနက်) ဗင်နီဇွဲလားအား ဧည့်ခံကစားမည့်ပွဲတွင် ပါဝင်ကစားရန် မရည်ရွယ်သော်လည်း နိုဝင်ဘာ ၁၇ ရက် ဥရုဂွေးနှင့် အဝေးကွင်းပွဲ၌ ပါဝင်ကစားနိုင်ရေး အားခဲထားခြင်းဖြစ်သည်။

သို့သော်လည်း ၎င်း၏ ခြေထောက်ဒဏ်ရာက ဥရုဂွေးနှင့်ပွဲအမီ ပြန်လည်သက်သာနိုင် ဖွယ်မရှိ၍ ပါရီသို့ ပြန်လည်ထွက်ခွာရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဖလားကို ၅ ကြိမ်ရယူကာ အအောင်မြင်ဆုံး အသင်းအဖြစ် စံချိန်တင်ထားသော ဘရာဇီးလ်သည် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကစားအပြီး ၆ မှတ်ရကာ ၃ ပွဲကစား ၇ မှတ်ရထားသော အာဂျင်တီးနား၏နောက် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

Ref:goal

Facebook Comments Box
Facebook Comment