
ကျွန်တော်တို့ ပစ်ယုံလိုက်ရတော့မှာလား
သူရောက်လာချိန်မှာ
အားလုံးက မဝံ့မရဲ ဖြစ်နေသေးတယ်။
မယုံရဲသေးဘူး။ မှန်တယ်လေ။
မန်ချက်စတာယူနိုက်တက်ဆိုတာ
နှယ်နှယ်ရရမှ မဟုတ်တာ။
အင်္ဂလန်မှာသာမက ဗြိတိန်မှာပါ
အအောင်မြင်ဆုံးအသင်း။
ဒီလိုအသင်းကို နည်းပြသစ်
ရောက်လာတယ်ဆိုတော့ ဒီကောင်
ဘာလုပ်နိုင်မလဲဆိုတာ
အားလုံးက စောင့်ကြည့်နေတာပေါ့။
နောက်ပြီး သူက နယ်သာလန်သားဆိုတော့
ဗန်ဟားလ်လောက်တောင်
ရုပ်ပေါက်ပါ့မလားလို့ သံသယနဲ့
စောင့်ကြည့်နေတဲ့ မျက်လုံးတွေက
အများသားလား။
တန်ဟက်က အေဂျက်စ်ကို
အောင်မြင်မှု ရယူပေးခဲ့တာ မှန်တယ်။
လူငယ်တွေနဲ့ တည်ဆောက်ထားတဲ့
သူ့အသင်းက ချန်ပီယံလိဂ်
ဆီမီးဖိုင်နယ်အထိ တက်ခဲ့တယ်။
အဲဒီကစားသမားတွေထဲက
အများစုက လက်ရှိအချိန်မှာ
ကမ္ဘာ့စင်မြင့်ထက် တောက်ကြွားနေတယ်။
ဒီလိုအနေအထားနဲ့
အိုးလ်ထရက်ဖို့ဒ်ကိုရောက်လာတော့
တန်ဟက် ဘာလုပ်နိုင်မလဲပေါ့။
နယ်သာလန်မှာ ဘာတွေပဲ
လုပ်ခဲ့၊ လုပ်ခဲ့ အင်္ဂလန်မှာ ထပ်တူ
လုပ်နိုင်မယ်လို့ ဘယ်သူယုံမှာလဲ။
ဉာဏ်ရည်မမီတဲ့သူပဲ
ပစ်ယုံကြမှာ။
ဂုရုကြီး ဗန်ဟားလ်တောင်
၂ နှစ်တာဝန်ယူခဲ့စဉ် အက်ဖ်အေ
ဖလားတလုံးသာ ရယူနိုင်တာကိုပဲကြည့်။
ယူနိုက်တက်ဆိုတာ တောင်းဆိုမှုများတယ်။
နေထုတ်လှန်းလိုက်ပေါ့ဆိုတဲ့
အရပ်စကား သွားပြောမိလို့ကတော့
အောင်ဖေပဲ။ ဒါပေသိ တန်ဟက်ဂ်က
သူ လုပ်စရာရှိတာကိုပဲ လုပ်တယ်။
မာတီနက်ဇ်၊ ကက်စမီးရိုး၊ အန်တိုနီ၊
မာလာစီယာ၊ အဲရစ်ဆင် တို့ကို
ခေါ်တယ်။ အသင်းကို တည်ဆောက်တယ်။
ရော်နယ်ဒိုပြဿနာကြောင့်
အသင်းရဲ့ အဝတ်လဲခန်းအထိ
ဂယက်ရိုက်ကုန်တယ်။ နောက်ဆုံးတော့လည်း
ရှင်းထုတ်လိုက်တယ်။ တမီး ငြိမ်းသွားတာပေါ့။
ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲက
မလှပခဲ့ဘူး။ ဘရိုက်တန်ကို အိမ်ကွင်းမှာ
ရှုံးတယ်။ ဘရန့်ဖို့ဒ်ကိုတော့
အဝေးကွင်းမှာ ၄ ဂိုးပြတ်ရှုံးတယ်။
သေပြီဆရာပဲ။ ဒါပေသိ နောက် ၄ ပွဲဆက်
ပြန်နိုင်ခဲ့ပြီး အာဆင်နယ်နဲ့
လီဗာပူးလ်တောင် ပါလိုက်သေး။
ပြန်လာပြီဟလို့ ထင်နေတုန်း
မန်စီးတီးကို ဂိုးပြတ်ရှုံးပြန်တယ်။
ဆိုရရင် ယူနိုက်တက်ရဲ့ ရစ်သမ်က
ပုံမှန်ရှိမနေတာပဲ။ တက်လိုက်ကျလိုက်နဲ့။
ဒါပေမဲ့ ဖလားပွဲတွေမှာတော့
ရလဒ်ကောင်းတယ်။ ခါရာဘောင်ကို
ရတယ်။ အက်ဖ်အေ ဗိုလ်လုပွဲ
တက်ထားတယ်။
အဓိက အားသာချက်က အိမ်ကွင်းပဲ။
အိုးလ်ထရက်ဖို့ဒ်မှာဆို သရဲနီ
ခြောက်တာ ခံလိုက်ရတဲ့ အသင်းတွေချည်းပဲ။
အခုနောက်ဆုံး ချဲလ်ဆီးကနေ
ဘာစီလိုနာ၊ နယူးကာဆယ်၊
မန်စီးတီး၊ စပါး၊ အာဆင်နယ်၊
လီဗာပူးလ် အားလုံး
ဒူးထောက်ခဲ့ရတာချည်းပဲ။
အခုဆိုရင် ယူနိုက်တက်က ချန်ပီယံလိဂ်
ဝင်ခွင့်တနေရာစာ ဘွတ်ကင်လုပ်လိုက်ပြီ။
ဥရောပအဆင့်မှာ ဒီလူအင်အားနဲ့
မအောင်မြင်နိုင်ဘူးဆိုတာ တန်ဟက်
သိတယ်။ ပရီးမီးယားလိဂ်မှာ
ပြိုင်ဘက်တွေကို အိမ်ကွင်း၊ အဝေးကွင်း
မရွေးဘဲ အစွယ်ချွံလို့ နယ်ကျွံရဲတယ်
ဆိုတဲ့အထာနဲ့ ဘယ်သူ့မှ ထီမထင်တဲ့
ပုံစံဖြစ်ဖို့ ကစားသမားသစ်တွေ
ခေါ်မှကို ရမယ်။ အသင်းကို
ဟိုလူ ဒီလူ ဝယ်မယ်ဆိုတဲ့
ကောလာဟလတွေအောက်မှာ
တန်ဟက်က သူ့အလုပ်သူလုပ်နေတယ်။
ချန်ပီယံလိဂ်ဝင်ခွင့် ရယူအပြီး
သူက အဓိကဆုဖလားတွေရယူဖို့
ဒီလူစာရင်းနဲ့ မရဘူးလို့ ဝန်ခံထားတယ်။
အရန်အင်အား နည်းပါးတယ်။
အဓိက ကစားသမားဆိုတာကလည်း
မန်စီးတီးလို မဟုတ်ဘဲ ခြေစွမ်းက
တနေ့ရွှေ၊ တနေ့ငွေ။ တန်ဟက်ကတော့
ထုတ်ရှိုးလိုက်ပြီ။
ရုံခါမယ့်သဘော မဟုတ်ပေမယ့်လည်း
မက်ဂွိုင်းယား၊ ဆန်ချို၊ မာရှယ်၊ ဗန်ဒီဘိခ်
အပါအဝင် အတော်များများရဲ့
အနာဂတ်က မရေရာတော့ပါဘူး။
အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။
သေချာတာကတော့ ၂၀၂၃-၂၀၂၄
ရာစီသစ်မှာ သရဲနီရဲ့ အနေအထားက
ဒီနှစ်လို ဖြစ်လာမှာ မဟုတ်ဘူးဆိုတာပဲ။
၁ နှစ်ဆိုတဲ့ အတွေ့အကြုံကို
ရယူထားပြီးပြီလေ။