
ကျွန်တော်တို့ခေတ် ကျွန်တော်တို့ချစ်ခဲ့သော ကလပ်အသင်းများ၊ မိန်းမများ၊ ဘာသာရေးများ
N ကြယ်မင်း
တဖြည်းဖြည်းကြာခဲ့ပြီ။ ဘောလုံးကမ္ဘာရွာကြီးထဲ ကျွန်တော်ဟာ ပြားနေသော ရွာသားတစ်ယောက်။
ဒီဘဝမှာ ပြင်သစ်ကို ငယ်ချစ်လို စွဲထင်ခဲ့ရတာလည်း ဘယ်တော့မဆို ကျေနပ်မိပါရဲ့။
ဘရာဇီးကတော့ ချေနိုင်လွန်းသော ဘုရင်မတစ်ပါးပေါ့လေ။
ကျွန်တော်က ၁၉၉၄ ဘရာဇီးနဲ့ တိုက်ရိုက်မထိတွေ့ခဲ့ရပါဘူး။
၁၉၉၈ ခြေစစ်ပွဲတွေ၊ အခြားသော သတင်းဘက်ဆိုင်ရာတွေမှာတော့ သူတို့က သတင်းကြီးလွန်းသော ဆမ်ဘာမင်းသမီးလည်း ဖြစ်နေပြီ။

ကျွန်တော်လည်း ခိုး,ခိုးပြီး သွားကြည့်ဖြစ်ပေမယ့် မစွဲလှဘူးထင်သည်။
အင်္ဂလန်က သက်တမ်းအကြာဆုံး လက်ထပ်ပေါင်းသင်းခဲ့သော မိန်းမဖြစ်သည်။ အလန်ရှီးယားကြီးကအစ၊ ရွန်းနီလေးအဆုံး ချစ်လိုက်ရသည့်အမျိုး။
ကမ်းဘဲလ်ကအစ တယ်ရီအဆုံး မမောနိုင်မပန်းနိုင် မ,ခဲ့ရပုံတွေ။ နောက်တော့လည်း အလကား။
ပွဲတော်တွေထဲ အတူတွဲ၊ အတူသွားလို့ တင့်တယ်တာကလွဲရင် ဘာမှအဖြစ်မရှိတဲ့ မိန်းမ။
ဖြစ်စေချင်လွန်းလို့ ဆွဲခေါ်သွားလည်း နောက်ဆုံးမှာ ဘယ်တော့မှ ပြီးဆုံးသည်မရှိသည့် မိန်းမ။
အဲ့ဒီအင်္ဂလန်လည်း အခု ကျွန်တော် မပေါင်းတော့ဘူးပေါ့။
ကလပ်အသင်းတွေကတော့ ကျွန်တော်ငတ်ခဲ့သော မိန်းမတွေပါပဲ။ ဘယ်တုန်းကမှ ချစ်ခွင့်မပန်ခဲ့။
ပန်းတော်မဆက်ခဲ့။ လိင်အားတိုးဆေး မသောက်ခဲ့။ သူတို့၏ ဟန်မူသွယ်သွယ်ကို ကျွန်တော်စွဲတာပဲ။
ဂျူဗီက ဒဲလ်ပီယာရိုနှင့် အင်ဇာဂီအတွဲကို သာယာခဲ့ရသည်က ဖိုင်နယ်က ဆံထုံးမြင့်မြင့် အမျိုးသမီးကြီးများကို ငေးစိုက်မိခဲ့သလိုမျိုးပဲ။
ပြောရင်ယုံပါ့မလား မသိဘူး။
အဲ့ဒီတုန်းက မန်ယူဆိုတာ အစွမ်းကုန် ဖူးဖွံ့ ဆူဖြိုးလာဖို့ အရှိန်ယူနေသည့် အပျိုပေါက်မကလေးနှင့်ပင် တူသေးတော့သည်။
ချဲလ်ဆီးဆိုလျှင် ဆုဖလားလင်ငတ်နေသည့် တစ်ခုလပ်မများနှင့် တူသည်။
အဲ့ဒီတုန်းက ရေနံသူဌေးကလည်း သူ့ပေါင်ပေါ် ချဲလ်ဆီးကို ဆွဲမတင်သေးဘူးပေါ့လေ။
နတ်အိုးကွဲတွေလို လီဗာပူးများ လမ်းလျှောက်လာရင် ကျွန်တော်လိုက်ငေးနေရသည်။

တစ်ချိန်က ဘယ်လောက်တောင် လှခဲ့မလဲဆိုတာ သူတို့ကောက်ကြောင်းတွေကြည့်ရင် သိနိုင်ပါသည်။
အာဆင်နယ်က လင်ကောင်းသားကောင်းလည်းရ၊ ပြိုင်ဘက်မိန်းမက သူတို့ထက် သာလွန်သွားမှာလည်း အချိန်ပြည့် ကြောင့်ကြနေသော အိမ်ထောင်သည်မတစ်ယောက်နှင့်တူသည်။
နေရာတိုင်းမှာ မက်စရာတွေချည်း။
ဒေးဗစ်ဆီးမင်းကနေ အီယန်ရိုက်အထိ သူတို့ထုတ်လွှင့်ထားသော ရမ္မက်ဇာတ်လမ်းတွဲတွေ လူကြိုက်များလှချေသည်။
သူတို့ခေါင်းကိုင်ဖခင် အာစင်ဝင်းဂါးကြီး၏ ဂုဏ်သတင်းကလည်း အမှန်ပင်ကြွယ်လေသည်။
ဘောလုံးကာလသားလေးတွေ ထန်းရည်ဝိုင်းမှာ အာဆင်နယ်က မန်ယူထက် ပစ်မှားချင်စရာကောင်းကြောင်း ဖွဲ့နွဲ့နေကြတာတွေ ကျွန်တော်မမေ့သေးဘူးပေါ့။

ကာလတွေ ကြာခဲ့ပါပြီ။ ကျွန်တော်နေထိုင်လာတဲ့နှစ်က ၅၀။
အခုတော့ ဘရူနိုနှင့် ဒီဘရိုင်း ဘယ်သူပိုကောင်းသလဲ ငြင်းခုန်နေကြတာတွေ ပြုံးပြီးရယ်ပြီး နားထောင်နေတတ်ပြီ။
ကင်နီဒဲဂလစ်ရှ်တို့ အဖေခေတ်၊ အမေခေတ်က မဖြစ်ခဲ့လည်း ဂျာဂင်ကလော့ဂ်မြေသားမှာ ကြိုးကြာအပျိုမ ကြွရွနေခဲ့ပြီပေါ့။
ကျွန်တော်က ဖောင်လာ၏ ထူးဆန်းသော အောင်ပွဲခံပုံတွေ သတိရနေသေးချိန်မှာ ကျွန်တော့်သားက ဆာလာ ၏ မြေကြီးကိုငုံ့နမ်းပုံမှာ ရင်ခုန်နေတတ်ပြီ။
အိုး..ညနေရိပ်မှာ တိတ်တဆိတ်ပျံသန်းသွားသော ငှက်ကျားများ။
နေ့လယ်မှာ ကြော်ငြာကားမောင်းပြီး ညဘက်မှာ ပွဲတော်ပျောက်ဆုံးသွားတတ်ကြသည့် ဂွတ်ဒီဆင်ပါ့ခ်နှင့် ဗီလာပါ့ခ်များ။
လိဒ်စ်က ဘမ်းဖို့ဒ်လေးက ကိုယ်တို့ဗီဒူကာကြီးကို မီစရာလားကွယ်ဟု လူအိုရုံက စကားမျိုးတွေလည်း ကျွန်တော် ပြောတတ်ပြီ။
တန်းဆင်းဇုန်မီးနီမှာ ပိတ်မိနေကြတဲ့ကားတွေ၊ ဘဝဆိုတာက မင်းတို့ထင်တဲ့ အောင်မြင်မှုတရားရိပ်သာမှာ တအိအိ နေဝင်သွားဖို့မဟုတ်ဘူး။
ကစားသမားတွေ ဝယ်ပြီးရောင်းဖို့ပဲ။ အဲ့ဒါက ငါတို့ရဲ့ လက်တွေ့အကျဆုံး ရှင်သန်မှုပဲဟု ကွမ်းတွေဝါးရင်း ထုတ်ဖော်ပြောဆိုတတ်သည့် သူတော်စင်တွေရဲ့စကားတွေ..
ကျွန်တော်တို့ကြာခဲ့ပါပြီ။ နောက်ထပ်ကမ္ဘာ့ဖလား ဘယ်နှစ်ကြိမ် မီနိုင်ပါရိုးလဲ။

ဖာဂူဆန်ကြီးတောင် ကိုဗစ်ဆိုးထဲ မာ့ခ်တပ်ပြီး ဘောလုံးပွဲ လာကြည့်သေးတာပါကွာ ဆိုတာမျိုးနှင့် မိမိကိုယ်ကိုတွန်းအားပေးဖြစ်လည်း ထူးပြီးတော့ မပျော်ရွှင်မိတော့ပါ။
အဘိုးမာလ်ဒီနီကို အစွန်အဖျားမီခဲ့ပြီး သားမာလ်ဒီနီမှာ ကျွန်တော်လည်း ကြီးကောင်ဝင်ခဲ့တာပေါ့။
အခု မြေးမာလ်ဒီနီ အချိန်ရောက်လာပြီ။ မြတ်စွာဘုရား၊ ကွေးသောလက် မန်ယူ၊ မဆန့့်မီ မန်ယူမှာ တပည့်တော် မောလှပါပြီ။