
ကျွန်တော်ကြိုက်တဲ့ နည်းပြကောင်းတစ်ယောက်
ပြီးခဲ့တဲ့ တစ်ပတ်တုန်းက အိမ်မှာ သတင်းတွေဖတ်နေရင်း တွေ့မိတဲ့ သတင်းတစ်ပုဒ်ကြောင့် ကျွန်တော် ဒီစာကို ရေးဖြစ်တယ်လို့ ဆိုရမယ်။
“အပြောင်းအရွှေ့မှာ ငွေတွေအများကြီးသုံးထားတဲ့ ချယ်ဆီးအသင်းရဲ့လုပ်ရပ်တွေကို ယာဂန်ကလော့ပ်ကဝေဖန်” ဆိုတဲ့သတင်းပါ။ တွေ့တွေ့ချင်း Fake News လို့ ထင်လိုက်ပြီး သေချာဖတ်မှ ယာဂန်ကလော့ပ် ပြောစကားနဲ့ သတင်းမှန်ဖြစ်နေတယ်။
တော်တော်အံ့သြသွားတယ်။ မဖြစ်နိုင်ဘူးလို့လည်း အစောကြီး ကောက်ချက်ချခဲ့တယ်။ ယာဂန်ကလော့ပ်က ဒီလို နည်းပြမျိုးမှမဟုတ်တာ။
ဒါက မော်ရင်ဟိုတို့တွေ သုံးတဲ့အကွက်မျိုး။ ကလော့ပ်က သူ့အလုပ်သူလုပ်ပြီး ပြိုင်ဘက်တိုင်းကို အပြန်အလှန်လေးစားတဲ့လူမျိုး . . . အဲလိုသိထားတာ။

အခုက ကိုယ်နဲ့လည်း ဘာမှမဆိုင်တဲ့ သူများအသင်းရဲ့လုပ်ရပ်ကို ဝေဖန်ပြီး Attention ရှာတာ သက်သက်ကြီး။ ဒါမှမဟုတ်ရင်တော့ ဒါ Mind Game ပဲ . . .
ဒီပုဂ္ဂိုလ်ကို ကျွန်တော် ဒေါ့မွန်မှာကတည်းက လုပ်ရည်ကိုင်ရည်ရော၊ နည်းစနစ်ရော၊ ကစားသမားစီမံခန့်ခွဲမှုရော တော်တော်သဘောကျမိသလို သူ့အင်တာဗျူးတွေ ဖတ်တဲ့အခါမှာလည်း သူ့ခံယူချက်နဲ့ စိတ်ထားကို သဘောကျမိတယ်။
အထူးသဖြင့် သူ့ကစားသမားတွေနဲ့ သူနဲ့ကြားက ဆက်ဆံရေးက ရင်းနှီးနွေးထွေးမှုတွေကို တွေ့ရပြီး ဘောလုံးကစားရတာကို ပျော်ရွှင်နေတတ်တဲ့ ပုံစံဖြစ်အောင် ပုံသွင်းနိုင်တာ အကြိုက်ဆုံးပါပဲ။
နောက် Player Management ဆိုတဲ့ ကစားသမားတွေကို ထိန်းချုပ်တဲ့ပုံစံ။ ဒီအရည်အသွေးက နည်းပြတစ်ယောက်မှာ အရမ်းအရေးကြီးပြီး ဖာဂူဆန်ဆိုရင် ကစားပုံ က စားကွက်ပိုင်း သိပ်အကောင်းကြီးမဟုတ်ပေမယ့် Player Management တစ်ခုတည်းနဲ့ EPL ကို နှစ်ပေါင်းများစွာ ကြီးစိုးခဲ့တာမဟုတ်လား။
အခု ကလော့ပ်လည်း ဒါကိုသိပ်ပိုင်တယ်။ လွန်ခဲ့တဲ့နှစ်က မာနေးနဲ့ ဆာလက်ခ်ျ ကြားက ပြဿနာကို ကိုင်တွယ်သွားတာ သေသပ်ငြင်သာလွန်းတယ်။ အားလုံးလည်း ဒီကိစ္စကို သိကြမှာပါ။
တခြား Player Management မပိုင်တဲ့ နည်းပြမျိုးဆို အခုအချိန် လီဗာပူးက လွန်ခဲ့တဲ့ နှစ်(၃၀)ကလိုပဲ လည်နေဦးမှာပါ။

ဒီကစားသမား နှစ်ယောက်ကြားမှာရှိတဲ့ အကြိတ်အခဲတွေကို ချေဖျက်ပြီး သူ့ရဲ့တိုက်စစ်သမား နှစ်ယောက်လုံးက အခုဆို ပိုတောင် အတွဲမိလာကြတဲ့ပုံပဲ။ (သူရွှေ့လိုက်တဲ့အကွက်တချို့ကို ရိပ်မိတာပဲရှိပြီး သေချာမသိလို့ မပြောတော့ဘူး။ သေချာတာက ဒီပြဿနာက ကစားသမားနှစ်ယောက်လုံး သဘောထားကြီးကြီးနဲ့ အလျှော့ပေးလိုက်လို့ ပြေလည်သွားတာမဟုတ်ဘဲ ကြားထဲက ဖြေရှင်းသူတစ်ယောက်ကြောင့် ရှင်းသွားတာပါ။ အဲဒီ ကြားကလူကလည်း ကလော့ပ်မဟုတ်ရင်တောင် ကလော့ပ်ရဲ့လူပဲ ဖြစ်ဖို့များပါတယ်။ အဖြေမှန်ကတော့ ကာယကံရှင်တွေပဲ သိမှာပါ)
ကဲ . . .ထားတော့ အရင်ကကိစ္စတွေ၊ နေပါဦး မင်းက မဆီမဆိုင် ကလော့ပ် ဘုန်းတော်ဘွဲ့တွေ ရေးနေရအောင် လီဗာပူးဖန်မို့လား??? မေးနိုင်ပါတယ်။
ကျွန်တော် လီဗာပူးဖန်မဟုတ်သလို တခြား ဘယ်အသင်းဖန်မှလည်း မဟုတ်ပါဘူး။ ကျွန်တော်က ဘောလုံးပွဲတွေကို ဘောလုံးပွဲနဲ့ တူအောင်ကြည့်တဲ့ ဘောလုံးဖန်ပါ။
ဒါပေမဲ့ ဘောလုံးပွဲကြည့်ရင် ဘောလုံးကန်နေကြတာထက် နည်းပြတွေ ဘယ်လိုနေရာချလဲ၊ ဘယ်လိုတိုက်စစ်ပုံဖော်ပြီး ဘယ်လိုနည်းဗျူဟာနဲ့ သွားလဲဆိုတာမျိုးတွေကို ပိုစိတ်ဝင်စားလို့ သူတို့နေရာက ဝင်စဉ်းစားပြီး စိတ်ကူးကြည့်ရတာကို သဘောကျတဲ့လူပါ။
စိတ်ကူးယဉ်သမားဆိုလည်း လက်ခံပါတယ်။ အခုက ကလော့ပ်အနေနဲ့ လုပ်လေ့လုပ်ထမရှိတဲ့ Mind Game တစ်ခုကို ဘာမဆိုင်ညာမဆိုင် ထလုပ်တာက သူ့ Mind Game ကို ခြေရာကောက်ကြည့်မိတယ် . . .
ဘာလို့ Mind Game လို့ပြောလဲ . . .?
တိုတိုနဲ့လိုရင်းကိုပြောရင်တော့ သူ့စကားတွေက ပစ်မှတ်ရှိတယ်။ သူ့ပစ်မှတ်ထိသွားတဲ့ လူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်သွားမယ်။ တကယ် လုပ်ရမယ့်အလုပ်ကို သတိလွတ်သွားမယ်။ ဒီသဘောတွေ ပါလို့ပါ။ ဒီဖြစ်စဉ်မှာဆို ချယ်ဆီးနဲ့ နည်းပြလမ်းပတ်ကို ရည်ရွယ်ပြီး ပစ်လိုက်တဲ့သဘောပဲ။
ရည်ရွယ်ချက်က ဘာလဲ . . .?
လက်ရှိရာသီ EPL မှာ သူတို့က ချန်ပီယံ။ ဒီနှစ်သူတို့ဆီက ချန်ပီယံလမ်းကြောင်းကို ဖြတ်လုနိုင်တဲ့ အဓိကပြိုင်ဘက်က မန်စီးတီး။
ကျန်တဲ့အသင်းတွေက သူတို့လက်ရှိအနေအထားထက် တစ်ဆင့်နိမ့်နေသေးတယ်။ ဒီအချိန်မှာ ကစားသမားကောင်းတွေ အများကြီးနဲ့ အင်အားကောင်းလာတာက ချယ်ဆီး။
သူပြောတဲ့အချိန်မှာ အသင်းသားအသစ်တွေနဲ့ အဟောင်းတွေရော၊ နည်းပြတွေရော၊ ပရိသတ်တွေကပါ စိတ်ဓာတ်အရမ်းတက်နေတာ။

မနှစ်က လူမဝယ်ဘဲနဲ့တောင် Top 4 ဝင်ခဲ့တဲ့နည်းပြက ယုံကြည်မှုတွေ အားကောင်းနေပြီး လီဗာပူးနဲ့ မန်စီးတီးရဲ့ချန်ပီယံလမ်းကြောင်းမှာ ဒုက္ခပေးဖို့ ဖြစ်နိုင်ခြေအများဆုံး။
အဲလိုဖြစ်လာရင် သူတို့အတွက် တစ်ရာသီလုံးက ပိုခက်ခဲသွားတော့မယ် . . .။
နောက်တစ်ချက်က သူတို့ပွဲစဉ်ဇယားအနေအထား။ EPL ပွဲစဉ် ၂ မှာ ချယ်ဆီးနဲ့ကစားရမှာ။ ပြီးတာနဲ့ အာဆင်နယ်၊ ပြီးရင် ဗီလာတစ်ပွဲချောင်ပြီး အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီ။
နောက် ချန်ပီယံလိဂ်တွေလည်း လာတော့မှာဆိုတော့ ဒီအချိန်ပိုင်းမှာ အမှတ်အများကြီး လျော့လို့မရသလို ချယ်ဆီးနဲ့ပွဲမှာသာ အမှတ်ပြည့်မရခဲ့ရင် သူ့အတွက် ချန်ပီယံလမ်းကြောင်းက ပိုကြပ်သွားတော့မှာ . . . .။
ဒီတော့ ချယ်ဆီးကို စောစောစီးစီး ဖြိုထားဖို့လိုနေတယ်။ လက်ရှိချယ်ဆီးရဲ့ခြေစွမ်းက မှန်းဆလို့မရသေး (သူတို့နဲ့မကန်ခင်တုန်းက)။ အဲဒီတော့ ချယ်ဆီးကို မတည်မငြိမ်ဖြစ်အောင် လုပ်ရမယ်။ ဒါက ရည်ရွယ်ချက် . . .
ပစ်မှတ်က ဘာလဲ . . .?
သူနဲ့ အဓိကရင်ဆိုင်ရမှာက ချယ်ဆီးနည်းပြ လမ်းပတ်။ အရည်အသွေးရှိတယ်။ IQ မြင့်တယ်။ နည်းပြဦးနှောက် ကောင်းတယ်။
အားနည်းချက်က အတွေ့အကြုံအားနည်းမှုပဲ။ နောက် ကစားသမားသစ်တွေ။ EPL က တခြားလိဂ်တွေနဲ့ မတူဘူးဆိုတာ ကစားသမားသစ်တွေ အသေးစိတ် မသိကြသေးဘူး။ ဒီအချိန်မှာ သူတို့ကို Stress ပေးလိုက်တာက အကောင်းဆုံးပဲ . . . ။

ပစ်ချက်နဲ့ ပစ်မှတ်ကိုသက်ရောက်မှု . . .?
ပစ်ချက်က ရိုးရိုးလေးပါ။ အပေါ်ဆုံးမှာ ရေးခဲ့တဲ့အတိုင်း ချယ်ဆီးက အပြောင်းအရွှေ့အတွက် ငွေတွေအများကြီးသုံး . . .Blah . . .Blah . . . ဆိုပြီး ဖွမယ့်မီဒီယာတစ်ခုကို ပြောလိုက်တာပဲ။
သူပြောလိုက်တာတွေက အချက်အလက်ပိုင်းမှာ လိုအပ်ချက်အများကြီး ရှိနေပေမယ့် လိုချင်တဲ့ပစ်မှတ်ကို သေချာပေါက် ဒဲ့ထိတယ်ပြောရမယ် . . .
ဘာလို့လဲဆိုတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း ချယ်ဆီးက ကစားသမားရော နည်းပြပါ အရမ်းတက်ကြွနေတဲ့ အနေအထားက အားသာချက်ဖြစ်နေတယ်။ ဒါပေမဲ့ နောက်တစ်ဖက်က ကြည့်ရင် ဒါက အားနည်းချက်ဖြစ်နေပြန်တယ်။
ဘာလို့လဲဆိုတော့ မနှစ်က လူငယ်တွေနဲ့ Top 4 ဝင်အောင် လုပ်ပြခဲ့တယ်။ ကစားရတဲ့ပွဲတိုင်းမှာ ဖိအားမရှိဘူး။ ငါတို့ လူမှမဝယ်ရတာ ရှုံးလည်း ဘာမှမဖြစ်ဘူး။ ဒီထက်အခြေအနေဆိုးမယ် မျှော်လင့်ထားတာ။
ဒီလိုအကြောင်းပြချက်တွေက ပွဲတိုင်း ဖိအားကင်းကင်းနဲ့ လိုချင်တာလုပ်ဖို့ အဆင်ပြေနေတယ်။ အခုနှစ်မှာ ကစားသမားအသစ်တွေအတွက် ပေါင် သန်းရာချီဝယ်ပြီးတဲ့အချိန်မှာတော့ ပွဲတိုင်းမှ ာ ဖိအားရှိလာခဲ့ပြီလေ။
ငွေအများကြီး သုံးထားတာ။ လစာတွေ၊ပြောင်းရွှေ့ကြေးတွေ စံချိန်တင်ထားတာ ဆိုတဲ့ ဖိအားနဲ့ ပွဲတိုင်းကို ‘ငါတို့ရှုံးလို့မရဘူး’ ဆိုတဲ့ဖိအားက သက်ရောက်မှုရှိလာပြီ။
ကလော့ပ်က ဒါကို Highlight လုပ်ပေးပြီး သူတို့နဲ့ကစားမယ့်ပွဲမှာ stress နဲ့ ကစားရအောင်ပေါ့။
နောက်ပြီး ကလော့ပ်ပြောလိုက်တဲ့စကားက အချက်အလက်ပိုင်း အားနည်းတယ်ဆိုတာ (သူတမင်ပြောတာပါ။ ဒီအချက်အလက်မျိုးလွဲအောင် ညံ့တဲ့လူမျိုးမဟုတ်တာတော့ သေချာတယ်)
ဒီသတင်း မီဒီယာပေါ်မှာ အချိန်ကြာကြာ ရှိနေစေချင်လို့ပဲ။ သူ့ရည်ရွယ်ချက်အတိုင်း နောက်တစ်ရက်နှစ်ရက်ကြာတော့ ကလော့ပ်ဝယ်ထားတဲ့လူစာရင်းက ချယ်ဆီးဝယ်တဲ့စာရင်းထက် ပိုများကြောင်း ဘာညာ . . .စတဲ့ သတင်းတွေထွက်လာတော့ ဒီသတင်းက ချယ်ဆီး-လီဗာပူးပွဲအထိ သက်ရောက်နေခဲ့သလို ချယ်ဆီးကစားသမား(အဟောင်းရော အသစ်တွေပါ) ဖိအားတွေနဲ့ နည်းပြလည်း ဒီပြဿနာကို မရှင်းနိုင်ဘဲ ငုတ်တုတ် . .
ပွဲပြီးတော့ ဂိုးသမားသစ်ခေါ်ဖို့တွေ ကမန်းကတန်းတွေလုပ် . . . တာထွက်မှာ တည်တည်ငြိမ်ငြိမ် မထွက်နိုင်တော့ဘူးလေ. . .ပြန်တည်ငြိမ်အောင် တစ်ရက်နှစ်ရက်နဲ့ရှင်းလို့မှမရတာပဲ

နည်းပြကောင်းတစ်ယောက်ဆိုတာ . . .
လက်ရှိမော်ဒန်ဘောလုံးမှာ နည်းပြတစ်ယောက်ရဲ့အရည်အသွေးက အရင်ကထက် ပိုပြီး လိုအပ်မှုများလာခဲ့ပြီ။
ပြိုင်ပွဲတစ်ခုကို ချဉ်းကပ်တဲ့ပုံစံ၊ သူကိုင်တွယ်နေတဲ့ ကစားသမားတွေအပေါ် နားလည်မှု၊ ဒီကစားသမားတွေရဲ့အကောင်းဆုံး အရည်အသွေးကို ထုတ်ယူသုံးစွဲမှု၊ ပြိုင်ဘက်ရဲ့အားသာချက် အားနည်းချက်တွေကို သုံးသပ်မှု . . . ဒီလိုအခြေခံတွေအပြင် အသေးစိတ်တွေ အများကြီးရှိပါသေးတယ်။
ကျွန်တော်က ဘောလုံးပွဲတစ်ပွဲကို အနိုင်အရှုံးသတ်မှတ်တဲ့အခါ မတရားတဲ့နည်းလမ်းအပေါ် အခြေခံပြီး အဖြေထွက်ခဲ့ရင် အားမပေးချင်တဲ့စိတ် ရှိပါတယ်။
ဒါပေမဲ့ ကလော့ပ်လုပ်လိုက်တဲ့ လုပ်ရပ်ကတော့ Modern Football မှာ နည်းပြကောင်းတစ်ယောက်အတွက် လိုအပ်တဲ့ Mind Game ကို ထုတ်ပြလိုက်တယ်လို့ ယူဆမိတယ်။
ကျွန်တော် ကလော့ပ်ကို ကြိုက်တဲ့အထဲမှာ အဲဒီအချက်လည်း ပါတယ်။ မလိုအပ်တဲ့အခြေအနေမှာ မသိသလိုနေပေမယ့် လိုအပ်တဲ့အချိန်မှာ အကောင်းဆုံး လုပ်ဆောင်ချက်တွေ ထုတ်ပြနိုင်တဲ့ အရည်အသွေးကိုပါ . . .
မောင်ဖိုးကွန့်