ကျန်းမာရေး စည်းမျဉ်းများကို ချိုးဖောက်ခြင်းမရှိဟု ရော်နယ်ဒို တုံ့ပြန်

COVID-19 ကူးစက်ခံထားရသော ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်ခဲ့သည်ဆိုသော စွပ်စွဲ မှုများကို ငြင်းဆိုလိုက်ပြီး မိမိသည် မည်သူနှင့်မှ အဆက်အသွယ် မလုပ်သလို စည်းမျဉ်းများကို လေးစားမှုရှိသူဖြစ်ကြောင်း တုံ့ပြန်လိုက်သည်။

အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုသည် နိုင်ငံ တကာပွဲစဉ်များ ကစားရန် လက်ရွေးစင်အသင်းနှင့် သွားရောက်ပူးပေါင်းစဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၅ ဆုရှင် ရော်နယ်ဒိုသည် ဆွီဒင်နှင့်ပွဲအား လွဲချော်ခဲ့သလို ပေါ်တူဂီတွင် Self-Isolation နေထိုင်ကာ ထိုမှတစ်ဆင့် အီတလီနိုင်ငံ၊ တူရင်မြို့ရှိ နေအိမ်သို့ ပြန်လာပြီး တစ်ဦးတည်း ခွဲနေလျက်ရှိသည်။

သို့သော်လည်း အီတလီ အားကစားဝန်ကြီး စပါဒါဖိုရာက ရော်နယ်ဒိုသည် ပေါ်တူဂီတွင် သီးသန့်နေထိုင်ရမည် ဖြစ်သော်လည်း မနေဘဲ အီတလီသို့ ပြန်လာခြင်းက ကျန်းမာရေးစည်းမျဉ်းများအား ချိုးဖောက်ရာရောက်နေသည်ဟု ဝေဖန်ထားသည်။

သို့သော်လည်း ဝန်ကြီး၏ ဝေဖန်မှုကို ရော်နယ်ဒိုနှင့် ဂျူဗင်တပ်စ်တို့က လက်မခံဘဲ ကျန်းမာရေး အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် တူရင်သို့ ပြန်လာခြင်းဖြစ်ကြောင်း ရှင်းလင်းထားသည်။

ပြင်ပတွင် ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ ရော်နယ်ဒိုက အင်စတာဂရမ်တွင် “ကျွန်တော့်မိသားစုက အိမ်ရဲ့အခြား အထပ်တစ်ထပ်မှာ နေတာ။ ကျွန်တော် သူတို့နဲ့ မဆက်သွယ်ဘူး။ စကားလည်း မပြောဘူး။

ကျွန်တော် အမြဲတမ်း အိမ်ထဲမှာပဲ နေတယ်။ အခု ကျွန်တော် နေပူစာ လှုံနေတာ။ နေ့တွေကို ဒီလိုပဲ ဖြတ်သန်းနေရတာပဲ။ စည်းမျဉ်းစည်းကမ်းတွေကို ကျွန်တော် လေးစားပါတယ်။

စည်းမျဉ်းတွေကို မချိုးဖောက်ခဲ့ပါဘူး။ ကျွန်တော့်ကို ပြောနေတာတွေက မုသားစကားတွေပါ။ ကျွန်တော် ပေါ်တူဂီကနေ ပြန်လာတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းကရော၊ ကျွန်တော်ကပါ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အကုန်လုပ်ပြီးမှ ပြန်လာခဲ့တာပါ။

အီတလီကို Air Ambulance နဲ့ ပြန်လာတယ်။ တူရင်ကို ရောက်တဲ့အထိ ဘယ်သူနဲ့မှ မထိတွေ့ခဲ့ပါဘူး” ဟု ပြန်လည်ဖြေရှင်းထားသည်။

Ref:instagram

Facebook Comments Box
Facebook Comment