ကျင့်ဝတ်နဲ့ တန်ဖိုး

မောင်ဖိုးကွန့်

ဒီတစ်ပတ်မှာ Hot အဖြစ်ဆုံး Topic ကိုပြောပါဆိုရင် အာဆင်နယ်ကိုပဲ လက်ညှိုးထိုးပြဖို့ ရှိပါတယ်။

ပြောရမယ်ဆိုရင် အာဆင်နယ်မှာ ပြဿနာတွေရှိနေတာ အခုတစ်ပတ်မှ မဟုတ်ပါဘူး။

၁၁ လပိုင်းအစမှာ မန်ယူနိုက်တက်ကို ၁-၀ နဲ့နိုင်တဲ့ပွဲ ပြီးတဲ့နောက်ပိုင်း ပရီးမီးယားလိဂ်မှာ (၇)ပွဲကစားခဲ့ရပြီး တစ်ပွဲမှမနိုင်တဲ့ အနေအထားကိုကြည့်ရင် ပြဿနာတွေက အချိန်အတိုင်းအတာတစ်ခုကြာအောင် ဖြစ်နေတဲ့ နာတာရှည်ရောဂါတစ်ခုလို အမြစ်တွယ်နေတယ်ဆိုတာ သိသာပါတယ်။

ဘောလုံးအသင်းတစ်သင်း အနေနဲ့ ခက်ခဲတဲ့ အခြေအနေနဲ့ ကြုံရတာက မဆန်းပါဘူး။

ဒါပေမဲ့ အာဆင်နယ်လို အသင်းတစ်သင်းက အခုလို နာတာရှည်ပြဿနာနဲ့ ရင်ဆိုင်နေရတာကတော့ အမှားအယွင်း ကြီးကြီးမားမား ရှိနေပြီဆိုတဲ့ အဖြေထွက်လာခဲ့ပါတယ်။

ဟုတ်တယ်လေ။

၂၀ ရာစုရဲ့ နောက်ဆုံးဆယ်စုနှစ်မှာ အညက်ညောဆုံး၊ အလှပဆုံး ကစားနည်း ကစားဟန်တစ်ခုနဲ့ အထင်ကြီး လေးစားခံခဲ့ရတဲ့ အသင်းက ၂ လတာအတွင်း လိဂ်ပွဲ (၇)ပွဲကစားတာ (၂)မှတ်ပဲရပြီး တိုက်စစ်ပိုင်းက (၃)ဂိုးပဲရတယ်ဆိုတဲ့ အခြေအနေက အရွဲ့တိုက်နေသလို ဖြစ်နေတယ်မဟုတ်လား။

ဟုတ်ပါပြီ။

ဒါတွေကလည်း အားလုံးသိထားပြီးသား ဖြစ်တဲ့အပြင် ဒီထက်ပိုတဲ့ ပြဿနာတွေ အမှားအယွင်းတွေက ကျွန်တော်တို့အပြင်လူတွေ မသိနိုင် မမြင်နိုင်တာ ဘယ်လောက်အထိ ရှိမလဲဆိုတာ ခန့်မှန်းလို့တောင် မရပါဘူး။

ဒါကြောင့်လည်း အွန်နရီလို ဂန္ထဝင်ကစားသမားတစ်ယောက်က အသင်းအပေါ် သံယောဇဉ် ဘယ်လောက်ရှိရှိ အချိုးမကျတဲ့ စီမံခန့်ခွဲမှုတွေမြင်တာနဲ့ အသင်းကစားတာကိုတောင် ကြည့်ဖို့ ငြင်းဆန်ခဲ့တယ်ဆိုတာ အီဗရာက ပြန်ပြောပြခဲ့တယ်လေ။

ထားပါတော့ . . .။ အာဆင်နယ်ပြဿနာတွေရဲ့အရင်းအမြစ်က ဘယ်ကစလဲ။ ဘယ်လိုအကြောင်းအရာတွေ အခြေခံလဲ။

ဒီအခြေအနေမှာ စာဖတ်သူတွေအမြင်နဲ့ ကျွန်တော့်အယူအဆ တူချင်မှ တူပါလိမ့်မယ်။

ကျွန်တော့်အယူအဆက ရာနှုန်းပြည့် မှန်ပါတယ်လို့လည်း မဆိုလိုပါဘူး။

ဒါပေမဲ့ ကျွန်တော် ဒီစာမှာပြောချင်တဲ့ အကြောင်းအရာက အာဆင်နယ်ရဲ့ အခက်အခဲတွေနဲ့ ဆက်စပ်နေလို့ပါ။

အမြင်မတူရင်လည်း လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်။

ကျွန်တော့်အမြင်အရတော့ အာဆင်နယ် ကြုံနေတဲ့ ပြဿနာအခြေခံကတော့ ကျင့်ဝတ်ပိုင်းအားနည်းတဲ့ ကစားသမား များလာတာကြောင့်ပါ။

ဘာကို ဆိုလိုတာလဲဆိုတာ ရှင်းပါမယ် . . .

အခုနောက်ပိုင်းမှာ ကစားသမားတစ်ယောက်နဲ့တစ်ယောက်ကြားထဲက အပြန်အလှန်လေးစားမှု ဆိုတဲ့အရာက ရှားပါးပစ္စည်း ဖြစ်လာခဲ့ပြီး အာဆင်နယ်လို ကစားသမားအခြေပြု ပြဿနာတွေကြောင့် အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းကြီးတွေ ဘယ်လောက်တောင် ရှိနေပြီလဲ။

အခုနောက်ပိုင်း ကစားသမားတွေဟာ သူတို့ရှေ့က မျိုးဆက်တွေထက် အရည်အသွေးပိုင်းနဲ့ ခြေစွမ်းခြေစအပိုင်းက ပိုကောင်းလာတယ်လို့ မပြောနိုင်ရင်တောင် အရမ်းတော့ မကွာဟသွားပါဘူး။

ဒါပေမဲ့ ‘ခံယူချက်နဲ့ ကျင့်ဝတ်’ ကတော့ တော်တော်လေး အားနည်းလာတာကို မြင်နေတွေ့နေရပါတယ်။

ကျင့်ဝတ် (Ethic) . . . ဆိုတဲ့ ဝေါဟာရ

ဘောလုံးမှာမှမဟုတ်ဘူး အခုနောက်ပိုင်း နယ်ပယ်တိုင်းမှာ ခပ်စိတ်စိတ် တွေ့လာရတဲ့ ဝေါဟာရပါ။

ကျင့်ဝတ်ဆိုတာ ဘာလဲ။

မဖြစ်မနေ လုပ်ရမယ်လို့ ပြဋ္ဌာန်းချက်မရှိပေမယ့် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်လာစေဖို့ လုပ်သင့်လုပ်အပ်တဲ့ အပြုအမူ ‘စံ’ သတ်မှတ်ချက်တွေကို ကျင့်ဝတ်လို့ ကျွန်တော် နားလည်ထားပါတယ်။(မပြည့်စုံတာရှိရင် နားလည်တတ်ကျွမ်းသူများ ညွှန်ပြပေးကြပါခင်ဗျ)။

ကျွန်တော်တို့ လူမှန်းသိတတ်စအရွယ်ကတည်း သင်ယူခဲ့ရတဲ့ မိဘဝတ်၊ သားသမီးဝတ်၊ ဆရာ့ဝတ်၊ တပည့်ဝတ် စတာတွေက ‘ကျင့်ဝတ်’ တွေဖြစ်ပြီး ကိုယ်နဲ့ဆိုင်ရာပတ်ဝန်းကျင်တိုင်းမှာ အဲဒီလို သတ်မှတ်ချက်မျိုးတွေ မရှိရင်တောင် (တချို့အမူအကျင့်တွေက) အလိုလို သဘောပေါက်နားလည်ရမယ့် ကျင့်ဝတ်တွေလည်း ရှိပါတယ်။

ဥပမာ – ရုံးအလုပ်လုပ်သူတွေက ကိုယ့်တာဝန်ကိုယ်မကျေဘဲ ရေသာခိုနေတာမျိုး၊ အထက်အရာရှိနဲ့ နားလည်မှုယူပြီး ဘောင်ကျော်လုပ်တာမျိုးပေါ့။

ကျွန်တော်တို့ပြောနေတဲ့ ဘောလုံးအသိုင်းအဝိုင်းမှာလည်း ဒီလိုကျင့်ဝတ်တွေ ရှိတာပဲလေ။

ဘောလုံးအသိုင်းအဝိုင်းမှ မဟုတ်ဘူး နေရာတိုင်းမှာ လူ့ကျင့်ဝတ်ဆိုတာ ရှိနေတာပါ။

ကျင့်ဝတ်တွေကို လေးစားစောင့်ထိန်းတဲ့လူက အဲဒီအသိုင်းအဝိုင်းမှာ သူ့ရဲ့ တန်ဖိုးမြင့်တက်ပြီး ကျင့်ဝတ်တွေကို မလေးစားသူ၊ အလွယ်တကူ ဖောက်ဖျက်သူတွေကတော့ တန်ဖိုးကျဆင်းတဲ့ သဘောရှိတာကြောင့် ဒီစိတ္တဇနာမ် ‘ကျင့်ဝတ်’ ဆိုတာက လူတစ်ယောက်ရဲ့တန်ဖိုးကို တိုင်းတာတဲ့စံနှုန်းလို့ ပြောရင်လည်း မမှားဘူးပေါ့။

ပြီးခဲ့တဲ့တစ်ပတ်က မန်ယူနိုက်တက်က ပေါ့ဘာရဲ့အေးဂျင့် ရိုင်အိုလာက ‘သူ့ကစားသမားဟာ ယူနိုက်တက်မှာမပျော်ဘူး’ ဆိုပြီး ပြောခဲ့တာနဲ့ပတ်သက်လို့ ယူနိုက်တက်အသိုင်းအဝိုင်းမှာ တော်တော်ဂယက်ထခဲ့ပါတယ်။

အင်တာနက်သတင်းတွေမှာလည်း ဒီကိစ္စအပေါ် အမြင်ကိုပြောတဲ့ ကလောင်ရှင်တွေ၊ ကစားသမားဟောင်းတွေ အများကြီးပါပဲ။

ကျွန်တော်ကတော့ ရုပ်သံလိုင်းတစ်ခုကနေ ဒီကိစ္စနဲ့ပတ်သက်ပြီး ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်တဲ့ ဖာဒီနန်၊ ပေါလ်စခိုးနဲ့ ဟားဂရေ့ဗ်တို့ ဆွေးနွေးကြတာ ကြည့်လိုက်ရတယ်။

အဲဒီမှာ ဖာဒီနန်က ပေါ့ဘာကို တော်တော်လေး ဝေဖန်ပြီး ဟားဂရေ့ဗ်က ပေါ့ဘာထက် သူ့အေးဂျင့်နဲ့ပဲ ဆိုင်တယ်ဆိုတဲ့ အမြင်ဖက်က ပြောတယ်။

စခိုးလ်ကတော့ ကြားလူပေါ့။

အဲဒီမှာ ဖာဒီနန်ပြောခဲ့တဲ့ အကြောင်းအရာတစ်ခုက တော်တော်လေးကို ချက်ကျလက်ကျရှိလို့ နောက်ပိုင်း သူပြောတာကို ကျန်တဲ့နှစ်ယောက်လုံး ထောက်ခံရတဲ့ အခြေအနေ ဖြစ်သွားခဲ့ပါတယ်။

ဖာဒီနန်ပြောတာက ‘ဒီကိစ္စက ပေါလ်မှာပဲ တာဝန်ရှိတာ။ သူ့အေးဂျင့် ဒီလိုပြောလို့ သတင်းတွေထွက်လာချိန်မှာ သူ ဘာမှမဖြေရှင်းဘူး။ တကယ်ဆို မဖြေရှင်းရင်တောင် သူ့အေးဂျင့်ကို သူတားရမှာ။ သူက အလုပ်ရှင်လေ။ တားမရရင် အလုပ်ထုတ် လမ်းခွဲလိုက်ပေါ့။ ခုအခြေအနေအရတော့ ဒီလူပြောခဲ့တဲ့ စကားတွေက သူကိုယ်တိုင်ပြောတဲ့သဘော သက်ရောက်နေပြီ’ ဆိုတာဖြစ်ပါတယ်။

ယူနိုက်တက်ကို ဒုတိယတစ်ခါ ပြန်လာပြီးတဲ့အချိန်မှာ ပေါ့ဘာဟာ ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ အခြေအနေရှိသူပါ။

သူ့အခြေအနေနဲ့ ခြေစွမ်းအရ သူက သံသယဝင်စရာ အခြေအနေကိုကျော်ပြီး ကျင့်ဝတ်ဖောက်ဖျက်သူဆိုတဲ့ အခြေအနေကို ရောက်လုရောက်ခင် အနေအထားပါ။

ဟုတ်ပါတယ်။ ပရိုဘောလုံးသမားတစ်ယောက်အနေနဲ့ “ဒီအသင်းမှာ ဘယ်နှစ်နှစ်ကို လစာဘယ်လောက်နဲ့ ကစားပါမယ်ဆိုပြီး စာချုပ်စာတမ်းမှာ သဘောတူထားတဲ့ ဘောလုံးသမားတစ်ယောက်အနေနဲ့ ‘အစွမ်းကုန် ကြိုးစားအားထုတ်ပါမယ်’ ဆိုတဲ့ တိုင်းတာလို့မရနိုင်တဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး လစာယူနေတာ” က ပရိုဘောလုံးသမားတစ်ယောက်ရဲ့ကျင့်ဝတ်ကို ဖောက်ဖျက်နေတာပါပဲ။

အာဆင်နယ်အကြောင်းကနေ ဘာကြောင့် ပေါ့ဘာကို ရောက်သွားတာလဲ?

ဟုတ်ကဲ့ . . .ဆက်စပ်မှုရှိလို့ပါ။

အာဆင်နယ်ပြဿနာတွေနဲ့ပတ်သက်ပြီး ‘အာတီတာနဲ့ အာဆင်နယ် ပြဿနာကို အဖြေရှာခြင်း’ ဆိုတဲ့ ဆောင်းပါးကို ပြီးခဲ့တဲ့တစ်ပတ်က ဒီပေ့ခ်ျအတွက် ရေးခဲ့ပြီးပါပြီ။

အဲဒီစာမှာ အာဆင်နယ်ရဲ့ပြဿနာတွေမှာ အဓိကကျတဲ့ အချက်တစ်ခုက (မော်ရင်ဟိုရဲ့စကား ယူသုံးပါ့မယ်) ဗိုင်းရပ်စ်လို ကစားသမားတွေ ရှိနေတာကြောင့် ဆိုတဲ့အကြောင်းကို တင်ပြခဲ့တာပါ။

အဓိကမြင်နေတွေ့နေ ဖတ်နေရတဲ့သတင်းတွေအရ အိုဇေး၊ ဒေးဗစ်လူးဝစ္စနဲ့ ဇာခါတို့က ဗိုင်းရပ်စ်တွေဖြစ်နေပြီး သူတို့လို စီနီယာကစားသမားကြီးတွေရဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုက တခြားကစားသမားတွေကိုပါ ကူးစက်ပြီး အသင်းတည်ဆောက်ပုံ ပျက်စီးနေတာပါ။

အပေါ်မှာပြောခဲ့သလို ကျွန်တော့်အမြင်ဖြစ်ပြီး ဒီထက်ပိုတဲ့ ဗိုင်းရပ်စ်တွေလည်း ရှိနေနိုင်သလို ကျွန်တော့်အမြင်နဲ့မတူတဲ့သူတွေလည်း ရှိပါလိမ့်မယ်။

ပြီးခဲ့တဲ့ တစ်ပတ်ထဲ အာဆင်နယ် ရလဒ်တွေဆိုးတဲ့အချိန်မှာ အိုဇေးလို ဖန်တီးမှုအားကောင်းတဲ့ ကွင်းလယ်ဖန်တီးရှင် မရှိလို့ဆိုတဲ့ သုံးသပ်မှုက ကျယ်လောင်လာပြီး အိုဇေးကို ပြန်ကစားခိုင်းရင် အဆင်ပြေသွားလောက်တယ်ဆိုတဲ့ အတွေးနဲ့ တောင်းဆိုမှုတွေ၊ ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

ကျွန်တော့်အမြင်အရ အာတီအာရဲ့ကစားကွက်မှာ အိုဇေးလို ဖန်တီးမှုအားကောင်းတဲ့ No 10 Role ကစားသမား လိုအပ်နေတယ် ဆိုတာကို ခြွင်းချက်မရှိ ထောက်ခံပါတယ်။

ဒါပေမဲ့ အိုဇေးကိုပြန်သုံးရင် အဆင်ပြေသွားတာထက် ပိုဆိုးတဲ့အခြေအနေကို ဦးတည်ဖို့ ပိုများပါတယ်။

နောက်ပြီးအိုဇေးက တကယ်ခြေစွမ်းပါရမီရှိပြီး ဖန်တီးမှုအမြင်ကောင်းတဲ့ကစားသမားတစ်ယောက် ဖြစ်တဲ့အပြင် ဒီအသိုင်းအဝိုင်းမှာ ကျင်လည်နေတာ အချိန်တော်တော်ကို ကြာနေတဲ့ ဝါရင့်တစ်ယောက်ပါ။

အခုအာဆင်နယ်လို Quality Playmaker တစ်ယောက် အရေးတကြီး လိုနေချိန်မှာ ဘယ်သူ့ကို ဘယ်လိုပြောရင် သူပြန်ကစားခွင့်ရမယ်ဆိုတဲ့ လမ်းကြောင်းကို မသိစရာ အကြောင်းမရှိပါဘူး။

ဒါ့အပြင် မကစားရဘဲ လူစာရင်းထဲ ပါခွင့်မရှိတာတောင် အသင်းပြောင်းဖို့ အသံတစ်ချက်မှ မထွက်ဘဲ လစာ အလကား ထိုင်ယူနေတာကိုကြည့်ရင် အိုဇေးကို ပြန်ကစားခွင့်ပေးရင် ယူနိုက်တက်မှာ ပေါ့ဘာ အားထုတ်နေတာထက် ပိုဆိုးတဲ့အိုဇေးကိုပဲ မြင်ရဖို့ရှိမယ်ဆိုတာ လူပြိန်းတောင် တွက်ဆလို့ရပါတယ်။

ဒါက အကြောင်းတိုက်ဆိုင်တာနဲ့ ပတ်သက်ပြီး မြင်နေတွေ့နေရတဲ့အထဲက ပေါ့ဘာနဲ့ အိုဇေးကို ဆွဲထုတ်ပြောတာဖြစ်ပါတယ်။

သူတို့နဲ့ ပုံစံတူတဲ့ တခြားကစားသမားတွေ ရှိနေသေးသလို အုပ်ချုပ်ရေးပိုင်းဖက်က ကျင့်ဝတ်ဖောက်ဖျက်ပြီး သူတို့အကျိုးအမြတ်အတွက် ကစားသမားတွေကို ချနင်းနေတာတွေလည်း ရှိပါတယ်။

အဲဒီလို ကျင့်ဝတ်ဖောက်ဖျက်သူတွေက ဒါမျိုးလုပ်ရပ်တွေလုပ်တော့ ဘေးကကြည့်နေကြတဲ့ ကျွန်တော်တို့အပါအဝင် ပရိသတ်တွေက ဝေဖန်ရုံ၊ အပြစ်တင်ရုံအပြင် ဘာမှစွက်ဖက်လို့မရပါဘူး။

သူတို့လုပ်နေတာက စာချုပ်/ဥပဒေ ဆိုတဲ့ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်နေတာမဟုတ်ဘဲ ‘ကျင့်ဝတ်’ ဖောက်ဖျက်နေတာ ဖြစ်လို့ပါ။

ဒါပေမဲ့ Ethic မရှိသူတွေအတွက် ပြနေတဲ့ ရေချိန်တစ်ခု ရှိပါတယ်။

အဲဒါကတော့ ‘တန်ဖိုး’ ဆိုတဲ့ ရေချိန်ပါ။

ကျင့်ဝတ်ပိုင်း အားနည်းလေလေ သူတို့ကို ပတ်ဝန်းကျင်က သတ်မှတ်တဲ့ ‘တန်ဖိုး’ ကျဆင်းလေလေ မဟုတ်လား . . .

ကျင့်ဝတ်နဲ့ တန်ဖိုးက တိုက်ရိုက်အချိုးကျနေတယ် မဟုတ်လား . . .

Facebook Comments Box
Facebook Comment