ကီဗင်ဒီဘရိုင်းအား တစ်ပတ်လုပ်ခပေါင် ၃ သိန်းတန် ၂ နှစ်စာချုပ်သစ်ချုပ်ဆိုရန် မန်စီးတီး နီးစပ်နေ

ကီဗင်ဒီဘရိုင်းသည် တစ်ပတ်လုပ်ခပေါင် ၃ သိန်းတန်  ၂ နှစ် စာချုပ် သက်တမ်းတိုးရန် နီးစပ်နေကြောင်း သိရသည်။ ဘယ်လ်ဂျီယံစတားသည် မန်စီးတီးတွင် တစ်ပတ်လုပ်ခ ပေါင် ၂၈၀၀၀၀ ရရှိနေပြီး လက်ရှိ စာချုပ်မှာ ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်ပြီး စာချုပ်သစ်ကြောင့် မန်စီးတီးတွင် ၂၀၂၅ ခုနှစ်အထိ ရှိလာမည် ဖြစ်သည်။

သူသည် မန်စီးတီးတွင် ကစားလာခဲ့သည်မှာ ၅ နှစ်တိုင် ရှိပြီဖြစ်ပြီး မိသားစုတစ်ခုလုံးမှာလည်း မန်ချက်စတာတွင် အထိုင်ကျနေပြီဖြစ်သည်။

အစောပိုင်းတုန်းက အသက် ၂၉ နှစ်ရှိ ကီဗင်ဒီဘရိုင်းသည် မန်စီးတီး၏ချန်ပီယံလိဂ် ၂ နှစ် ဝင်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရမှုကြောင့် အနာဂတ်ကို စဉ်းစားခဲ့သော်လည်း အားကစားသမာဓိခုံရုံးတွင် အယူခံဝင်မှု အောင်မြင်မှုနှင့်အတူ မန်စီးတီးနှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးလာခဲ့ခြင်း ဖြစ်သည်။

သူသည် ၂၀၁၅ ခုနှစ်တွင် ဝုဖ်ဘတ်မှ ပေါင် ၅၄ သန်းဖြင့် ပြောင်းလာပြီးနောက် မန်စီးတီးအား ဆုဖလားများစွာ ရရှိအောင် အဓိကနေရာမှ ကူညီလာခဲ့သူလည်း ဖြစ်သည်။

ကီဗင်ဒီဘရိုင်းသည် မန်စီးတီးနှင့်စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးလာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း အေးဂျင့်ဖြစ်သူအား ငွေကြေးအလွဲသုံးစားလုပ်သည်ဟု ယုံကြည်ကာ စစ်ဆေးခြင်းခံခဲ့ရမှုကြောင့် ကြန့်ကြာနေခဲ့သည်။

ယခုအခါ မန်စီးတီးနှင့် ကီဗင်ဒီဘရိုင်းအား စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးမှုမှာ အဆင်ပြေသွားပြီဖြစ်၍ မကြာမီကာလအတွင်းတွင် စာချုပ်သစ်ချု်ပဆိုရန် သေချာသွားပြီ ဖြစ်သည်။

Facebook Comments Box
Facebook Comment