ကီပါ ပုံစံကောင်း ပြန်ရလာမည်ဟု အက်စပီလီကွေတာ ထောက်ခံ

ချဲလ်ဆီး အသင်းခေါင်းဆောင် အက်စပီလီကွေတာက ဝေဖန်ခံနေရသော ဂိုးသမား ကီပါအနေဖြင့် အကောင်းဆုံး လက်စွမ်းဖြင့် ပြန်လာနိုင်မည်ဖြစ်ပြီး မကြာခင် ပုံစံကောင်း ပြန်လည်ပြသလိမ့်မည်ဟု ထောက်ခံပြောကြားလိုက်သည်။

၂၀၁၈ ခုနှစ်တွင် ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်သည့် ယူရို သန်း ၈၀ ဖြင့် ဘီလ်ဘာအိုမှ ပြောင်းရွှေ့လာသော ကီပါသည် ယခုရာသီ အစပိုင်းတွင် အမှားများစွာ ပြုလုပ်ခဲ့သောကြောင့် ဝေဖန်ခံခဲ့ရသည်။

အသက် ၂၆ နှစ်အရွယ် ကီပါ၏ လက်စွမ်းအပေါ် မယုံကြည်တော့သော ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်သည် ရင်းနက်စ်မှ ဆီနီဂေါဂိုးသမား မန်ဒီကို ခေါ်ယူကာ ကီပါအား အရန်အဖြစ်သာ အသုံးပြုခဲ့သည်။

အားကိုးတကြီး ခေါ်ယူခဲ့သော မန်ဒီမှာလည်း ယခုလ အစောပိုင်းက ပေါင်ခြံဒဏ်ရာ ရရှိခဲ့သောကြောင့် ကီပါမှာ ဆောက်သမ်တန်နှင့် ၃ ဂိုးစီ သရေကျသောပွဲတွင် ပထမ ၁၁ ယောက်စာရင်းမှ ပြန်လည်ပါဝင်ခွင့် ရခဲ့သည်။

သို့သော်လည်း ၎င်းသည် အမှားတစ်ကြိမ် ပြုလုပ်ခဲ့သောကြောင့် ဆောက်သမ်တန်က ဒုတိယဂိုး သွင်းယူနိုင်ခဲ့သည်။

တစ်နိုင်ငံတည်းသား ကီပါနှင့်ပတ်သက်၍ စပိန်နောက်ခံလူ အက်စပီလီကွေတာက “ဘောလုံးမှာက ခက်ခဲတဲ့အချိန်တွေ ရှိပါတယ်။ ကျွန်တော့်နေရာ ဖြစ်တဲ့ အသင်းခေါင်းဆောင် ရာထူးမှာလည်း ဒီလိုပါပဲ။

ကျွန်တော်နဲ့ကီပါ သိတာကြာပါပြီ။ ကျွန်တော် အမြဲတမ်း သူ့ကို ကူညီပေးပါတယ်။ အလုပ်အရမ်းကြိုးစားတဲ့ ကီပါအနေနဲ့ လက်ရှိအနေအထားကို ပြောင်းပြန်လှန်ပစ်နိုင်မှာကို ကျွန်တော် သံသယမရှိပါဘူး” ဟု ပြောသည်။

Ref:chelseatv

Facebook Comments Box
Facebook Comment