
ကိုလာရော့ဗ် COVID-19 ကူးစက်ခံထားရသည်ဟု အင်တာမီလန် အတည်ပြု
ဆားဘီးယားနောက်ခံလူ အလက်ဇန်းဒါးကိုလာရော့ဗ်သည် နိုင်ငံအသင်းအတွက် ကစားပေးပြီး ပြန်အလာတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ခံထားရကြောင်း နိုင်ငံတကာ မီဒီယာများက ဖော်ပြသည်။
အီတလီတွင် အဆိုပါသတင်းကို နေ့စဉ်ထုတ် အားကစားသတင်းစာ Gazzetta dello Sport က ဦးဆုံးဖော်ပြခဲ့ခြင်းဖြစ်ပြီး ၎င်း၏ မိခင်ကလပ်အသင်း အင်တာမီလန်ကလည်း ကိုလာရော့ဗ် ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့သည်။
လာဇီယို၊ မန်စီးတီးနှင့် ရိုးမား ကစားသမားဟောင်း ကိုလာရော့ဗ်သည် ယခုနှစ် ဘောလုံးရာသီမစမီ အင်တာမီလန်သို့ ယူရို ၁ သန်းခွဲဖြင့် ပြောင်းရွှေ့လာပြီး ၁ နှစ်စာချုပ် ချုပ်ဆိုထားသည်။
အသက် ၃၅ နှစ်အရွယ် ဝါရင့်နောက်ခံလူသည် ယမန်နေ့က ပြုလုပ်သော ဆားဘီးယားအသင်း၏ ဆေးစစ်မှုတွင် Positive အဖြေ ထွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များအတိုင်း နေထိုင်လျက်ရှိသည်ဟု အင်တာမီလန်က ကြေညာသည်။
အင်တာမီလန်အသင်းက “ကိုလာရော့ဗ်ဟာ ယမန်နေ့က ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အင်တာမီလန်က အတည်ပြုပါတယ်။ သူဟာ နိုင်ငံအသင်းအတွက် သွားရောက်ခဲ့စဉ်မှာ ကူးစက်ခံခဲ့ရတာပါ။ လက်ရှိမှာတော့ ကစားသမားဟာ ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အတိအကျ လိုက်နာနေထိုင်လျက် ရှိပါတယ်” ဟု ကြေညာသည်။
ဆားဘီးယားအတွက် ၉၄ ပွဲကစားကာ ၁၁ ဂိုးသွင်းထားသော ကိုလာရော့ဗ်သည် တတိယဂိုးသမား ပါဒယ်လီ၊ ကွင်းလယ်လူ ဘရိုဇိုဗစ်တို့ပြီးလျှင် ယခု ရက်ပိုင်းအတွင်းမှာပင် ရောဂါပိုး တွေ့ရှိရသည့် တတိယမြောက် အင် တာမီလန် ကစားသမား ဖြစ်လာခဲ့ပြီး ယခင်က ဘက်စတိုနီ၊ နိုင်ဂိုလန်၊ ဆခရီနီယာတို့လည်း ကူးစက်ံခံရဖူးသည်။
Ref:Gazzetta dello Sport