ကိုရိုနာဗိုင်းရပ်စ် အခက်အခဲများကြောင့် အင်္ဂလန်နှင့် ခြေစမ်းပွဲကို နယူးဇီလန် ဖျက်သိမ်း

နယူးဇီလန်သည် လာမည့်လတွင် ဝင်ဘာလေကွင်း၌ အင်္ဂလန်နှင့် ကစားရန် စီစဉ်ထားသည့် နိုင်ငံတကာခြေစမ်းပွဲစဉ်အား ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက်အခဲများ ဖြစ်ပေါ်နေမှုနှင့်အတူ ဖျက်သိမ်းလိုက်သည်။

နယူးဇီလန်သည် လာမည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဂရေမီဆောက်ဂိတ်၏ အင်္ဂလန်နှင့် ခြေစမ်းရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် နယူးဇီလန်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကစားသမား ရွေးချယ်ရန် အခက်အခဲရှိမှု၊ ခရီးသွားရန် အခက်အခဲရှိနေမှုတို့ကြောင့် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

နယူးဇီလန်ဘောလုံးအဖွဲ့ချုပ် အမှုဆောင်ချုပ် အင်ဒရူးပရက်နေးလ်က “ဝင်ဘာလေမှာ ကစားဖို့ စီစဉ်ထားတဲ့ လာမယ့် အင်္ဂလန်နဲ့ခြေစမ်းပွဲ ဖျက်သိမ်းလိုက်ရတဲ့ အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီပွဲက ကျွန်တော်တို့ အားလုံး ကစားချင်ကြတဲ့ ပွဲဖြစ်တာကြောင့် နောက်ဆုတ်ဖို့ အလွယ်တကူ ဆုံးဖြတ် လိုက်တာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

နယူးဇီလန်အသင်းသည် အင်္ဂလန်နှင့် ခြေစမ်းပွဲ သွားကစားရန် လေကြောင်း စီစဉ်ရန် အခက်အခဲရှိမှု၊ ကစားသမားများမှာလည်း အိမ်သို့ ပြန်လာချိန်တွင် ကွာရန် တေးဝင်ရမည့်အခြေအနေတွင် ရှိမှုတို့ကြောင့် ပြည်တွင်းလိဂ်ကိုပါ ထိခိုက်လာနိုင်၍ အင်္ဂလန်ပွဲကို မကစားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကစားမည့် ခြေစမ်းပွဲ အတွက် နယူးဇီလန်နေရာတွင် အခြားတစ်သင်းနှင့် အစားထိုးသွားမည် ဖြစ်သည်။ အင်္ဂလန်သည် ယင်းခြေစမ်းပွဲအပြီး သုံးရက်အကြာတွင် ဘယ်လ်ဂျီယံနှင့် Nations League ပွဲကစားရမည် ဖြစ်သည်။

အင်္ဂလန်နှင့် နယူးဇီလန်တို့သည် သမိုင်းတစ်လျှောက် နှစ်ကြိမ်တည်းသာ ရင်ဆိုင်တွေ့ဖူးသည်။ ယင်းနှစ်ပွဲလုံးကို နည်းပြဂရေဟမ်တေလာ လက်ထက်က ၁၉၉၁ ခုနှစ် နွေရာသီ ခြေစမ်းပွဲခရီးစဉ်အတွင်း ကစားခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်က အောက်ကလန်တွင် ၁-၀ ဖြင့်လည်းကောင်း၊ ဝယ်လင်တန်တွင် ၂-၀ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။  

Facebook Comments Box
Facebook Comment