
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ရာသီကြိုစခန်းသွင်းလေ့ကျင့်မှုကို အက်သလက်တီကို ရပ်ဆိုင်း
အက်သလက်တီကိုမက်ဒရစ်သည် COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ဆန်ရာဖေးလ်တွင် ရာသီကြိုစခန်းသွင်း လေ့ကျင့်နေမှုအား ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ ဒီယေဂိုဆီမြွန်နီ ဦးဆောင်သည့် အက်သလက်တီကိုသည် ပြီးခဲ့သည့် အပတ်ကတည်းက ၂၀၂၀-၂၁ ရာသီအတွက် ပြင်ဆင်သည့်အနေဖြင့် ဆီဂိုဗီယန်မြို့တွင် ရာသီကြိုစခန်းသွင်း လေ့ကျင့်ခန်း ဆင်းလာခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် အက်သလက်တီကိုသည် ပြီးခဲ့သည့်ကြာသပတေးနေ့က အသင်းရှိ ကစားသမားတစ်ဦးတွင် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိမှုနှင့်အတူ ရာသီကြိုလေ့ကျင့်ခန်းဆင်းမှုကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကစားသမားတစ်ဦးတည်းသာ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိရပြီး အခြားကစားသမားတို့ တွေ့ရှိခြင်း မရှိချေ။ သို့ရာတွင် အက်သလက်တီကိုသည် အခြေအနေမှာ စိုးရိမ်စရာအနေအထားတွင် ရှိနေခြင်းကြောင့် အခြေအနေ စိတ်ချရမှု ရှိလာစေရန် အသင်းရှိ ကစားသမားများကို သီးသန့် နေစေလျက်ရှိပြီး လာမည့်အပတ်တွင် မက်ဒရစ်၌ နောက်ထပ် စစ်ဆေးမှု ပြုလုပ်သွားရန် စီစဉ်ထားသည်။ အက်သလက်တီကိုသည် လာမည့်အပတ် စစ်ဆေးမှုတွင် ကိုရိုနာဗိုင်းရပ်စ်ကင်းစင်မှသာ လေ့ကျင့်ခန်းအစီအစဉ်အား ပြန်လည်စတင်ရန် စီစဉ်ထားသည်။
အက်သလက်တီကိုသည် လာလီဂါအဖွင့်ပွဲအဖြစ် ဆီဗီလာနှင့် ကစားရမည်ဖြစ်သော်လည်း ဆီဗီလာမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့မှုနှင့်အတူ ပွဲကို ရွှေ့ဆိုင်းထားရသည်။ ထို့ကြောင့် ၎င်းတို့သည် လာလီဂါအဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဂရန်နာဒါနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။