ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် စပိန်အသင်းမှ မီခေးလ်အိုယာဇာဘယ် ဖယ်ရှားခံရ

ဆိုစီဒက်အသင်းခေါင်းဆောင်မီခေးလ်အိုယာဇာဘယ်သည် COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိ၍ ဂျာမနီ၊ ယူကရိန်းတို့နှင့် ကစားရမည့် စပိန်အသင်းလူစာရင်းမှ ဖယ်ရှားခံခဲ့ရသည်။

အိုယာဇာဘယ်သည် အခြားလာလီဂါကလပ်များကဲ့သို့ပင် ရာသီကြိုလေ့ကျင့် ခန်းဆင်းမှုမပြုလုပ်မီ ဆိုစီဒက်တွင် သွေးနှင့် သလိပ်စစ်ဆေးမှုခံယူခဲ့ရာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် သူသည် မက်ဒရစ်တွင် လူးဝစ်အန်းနရစ်၏စပိန်အသင်းနှင့်အတူ ပူးပေါင်းနိုင်တော့မှာမဟုတ်ဘဲ ၁၄ ရက်ကြာ နေအိမ်တွင် သီးသန့် နေထိုင်ရမည်ဖြစ်သည်။ ဒါ့အပြင် သူသည် ဆိုစီဒက်၏၂၀၂၀-၂၁ ရာသီအစ ပွဲစဉ်ကိုလည်း လွဲချော်တော့မည်ဖြစ်သည်။

Marca သတင်းစာ၏ဖော်ပြချက်အရ စပိန်နည်းပြလူးဝစ်အန်းနရစ်သည် အိုယာဇာဘယ်၏နေရာတွင် ဗီလာရီးရဲလ်တိုက်စစ်မှူးဂါရတ်မိုရီနိုအား အစားထိုးခေါ်ယူထားကြောင်း သိရသည်။ မိုရီနိုသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် လာလီဂါတွင် ၁၈ ဂိုးသွင်းယူကာ စပိန်ကစားသမားများထဲတွင် လာဂါဂိုးအများဆုံး သွင်းယူသည့် ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်သည်။

အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် စပိန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ကစားခွင့်ရပြီးနောက် လက်ရွေးစင်အတွက် ၃ ပွဲကစားရာတွင် ၃ ဂိုးသွင်းယူထားနိုင်သူလည်းဖြစ်သည်။

စပိန်အသင်းသည် ယနေ့မှ စတင်ကာ လက်စ်ရိုဇက်စ်တွင် လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် စတုဂတ်သို့ သွားရောက်ကာ ဂျာမနီနှင့်ကစားရမည်ဖြစ်သည်။ ယင်းနောက် မက်ဒရစ်သို့ ပြန်လာကာ စက်တင်ဘာလ ၆ ရက်နေ့တွင် ယူကရိန်းနှင့် ကစားရမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment