ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ဆုံးဖြတ်ရတော့မည့် မက်ဆီ

ဘာစီလိုနာသည် လာမည့်ရက်သတ္တပတ်များတွင် အသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီအား အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးသွားတော့မှာဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာသည် ဘိုင်ယန်မြူးနစ်ကို ၈-၂ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှ ထွက်ခွာခဲ့ရပြီးနောက် ၂၀၁၉-၂၀ ရာသီအား ဖလားလက်မဲ့ဖြင့် အဆုံးသတ်ခဲ့ရသည်။

Marca သတင်းစာ၏ ဖော်ပြချက်အရ မက်ဆီသည် ချန်ပီယံလိဂ်မှ သုံးကြိမ်ဆက်တိုက် ထွက်ခဲ့ရမှုအပေါ်အကြီးအကျယ်ဒေါသနေကြောင်း သိရသည်။ ဘာစီလိုနာသည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင်လည်း ရိုးမားနှင့်လီဗာပူးတို့ကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှထွက်ခွာခဲ့ရခြင်း ဖြစ်သည်။

အာဂျင်တီးနားလက်ရွေးစင်၏လက်ရှိဘာစီလိုနာနှင့်ချုပ်ဆိုထားသည့်စာချုပ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ကုန်ဆုံးသွားမည်ဖြစ်ပြီး ဘာစီလိုနာဘက်က စာချုပ်သက်တမ်းတိုးရန် အဆင်သင့် ရှိနေခဲ့သည်။

သို့ရာတွင် လာလီဂါအား လက်လွှတ်ခဲ့ရမှု၊ ဘိုင်ယန်မြူးနစ်အား ၈-၂ဖြင့် အရှက်တကွဲရှုံးနိမ့်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှထွက်ခွာရမှုတို့ဖြစ်လာပြီးနောက် ဘာစီလိုနာဥက္ကဌဘာတိုမြူသည် မက်ဆီအား စာချုပ်သက်တမ်းတိုးနိုင်ရေးအတွက် အစွမ်းကုန် လုပ်ဆောင်သွားတော့မှာ မဟုတ်ဘဲ ကစားသမားကို စိတ်ကြိုက်ဆုံးဖြတ်ခွင့်ပေးလာတော့မှာ ဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာအနေဖြင့် မက်ဆီဘက်က ယခုနွေရာသီတွင် စာချုပ်သက်တမ်းမတိုးပါကလည်း လာမည့်ဇန်နဝါရီလအထိ ဆက်နေခွင့်ပေးသွားတော့မှာ ဖြစ်သည်။

အကယ်၍ ယခုနွေရာသီတွင် ပင် မက်ဆီကဘက်က အသင်းပြောင်းလိုကြောင်း တောင်းဆိုလာပါကလည်း အသင်းပြောင်းခွင့်ပေးသွားတော့မှာ ဖြစ်သည်။ အီတလီမီဒီယာအချို့ကလည်း မက်ဆီမှာ အသင်းမှထွက်ခွာလိုကြောင်း ဘာစီလိုနာထံအကြောင်းကြားပြီးပြီဟု ရေးသားနေကြသည်။

လက်ရှိအချိန်တွင် မက်ဆီအနေဖြင့် အနာဂတ်ကို မည်သို့ ဆုံးဖြတ်လာမည်ကို မသိရသေးသော်လည်း ထွက်ခွာမည်ဆိုပါက ခေါ်ယူလိုသည့်အသင်းများစွာ ထွက်ပေါ်လာဖို့ သေချာနေသည်။ မက်ဆီအား ခေါ်ယူရန် စိတ်ဝင်စားနေသည့်အသင်းများအဖြစ် အင်တာမီလန်နှင့်မန်စီးတီးရှိနေပြီး မန်ယူ၊ ပီအက်စ်ဂျီတို့အသင်းမှာလည်း ကြိုးပမ်းလာနိုင်သည်။

ဘိုင်ယန်မြူးနစ်အား ၈-၂ဖြင့် ရှုံးနိမ့်မှုမှာ ဘာစီလိုနာအသင်းအပေါ်တွင် အကြီးအကျယ်ရိုက် ခတ်မှုများ ရှိနေပြီး ဘာစီလိုနာအသင်းတွင် ကြီးမားသည့် အပြောင်းအလဲကြီးမားများကို မြင်တွေ့လာရရန် သေချာနေသည်။

ဘာစီလိုနာဗဟိုနောက်ခံလူပီကေးက အသင်းကို အပြောင်းအလဲများစွာ ပြုလုပ်ရန် လိုအပ်နေကြောင်းနှင့် မိမိအနေဖြင့် လိုအပ်လာပါက နျူးကမ့်မှ ထွက်ခွာပေးရန် အဆင်သင့်ရှိနေကြောင်း ပြောကြားသွားသည်။ ဘာစီလိုနာသည် ပထမဆုံးအပြောင်းအလဲလုပ်မှုအနေဖြင့် နည်းပြဆီတိန်းကို ထုတ်လုပ်သွားဖွယ်ရှိနေကြာင်း သူ့နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရရန် ရော်နယ်ကိုးမန်း၊ သီယာရီဟင်နရီ၊ ဇာဗီးနှင့် မာတီနက်ဇ်တို့က ရေပန်းစားလျက်ရှိသည်။

မီဒီယာအချို့တို့က ဘာစီလိုနာသည် နည်းပြဟောင်းဂွါဒီယိုလာကိုလည်း ပြန်လည်ခန့်အပ်နိုင်ရေး ကြိုးပမ်းသွားနိုင်ကြောင်း ရေးသားနေသည်။

Facebook Comments Box
Facebook Comment