ကိုဗစ် ကူးစက်ခံရသူ နှစ်ဦး ရှိကြောင်း ဆိုစီဒက်အသင်း အတည်ပြု

ဆိုစီဒက်က ရာသီကြို လေ့ကျင့်ခန်းဆင်းရန် ပြန်ရောက်လာသည့် ကစားသမားများကို COVID-19 ရောဂါကူးစက်မှုရှိ/မရှိ စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ကစားသမားနှစ်ဦးတွင် ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုသွားသည်။

ဆိုစီဒက်သည် ၂၀၁၉-၂၀ ရာသီသိမ်းပြီးနောက် ကစားသမားများကို တစ်လကြာ အနားပေးခဲ့သည်။ ဆိုစီဒက်ကစားသမားသည် စနေနေ့တုန်းက အသင်းနှင့်အတူ ရာသီကြိုလေ့ကျင့်ခန်းဆင်းမှုမပြုလုပ်မီ COVID-19 ကူးစက်ခံထားရမှုရှိ/မရှိစစ်ဆေးမှုခံ ယူခဲ့ရသည်။

ယင်းသို့ စစ်ဆေးရာ ကစားသမားနစ်ဦးမှာ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိရခြင်းဖြစ်သည်။ ယင်းကစားသမားများမှာ အားလပ်ရက်အပန်းဖြေခရီးထွက်ရာမှ ကူးစက်လာခြင်းဟု ယူဆရသည်။

COVID-19 ရောဂါကူးစက်ခံထားရသည့် ကစားသမားနှစ်ဦးသည် ယခုအခါ နေအိမ်တွင် သီးသန့်နေထိုင်နေရပြီး COVID-19 ရောဂါပျောက်ကင်းလာချိန်တွင်မှ အသင်းနှင့်လေ့ကျင့်ခန်း ဆင်းနိုင်ပါမည်။

ဆိုစီဒက်သည် အခြားကလပ်များကဲ့သို့ COVID-19 ကူးစက်ခံရသည့်ကစားသမားနှစ်ဦး၏ အမည်ကို ကြေညာသွားခဲ့ခြင်းမရှိချေ။


လာလီဂါနှင့်စပိန်ကျန်းမာရေးအာဏာပိုင်တို့က ကလပ်အသင်းများအနေဖြင့် ရာသီကြိုလေ့ကျင့်ခန်းဆင်းမှုမပြုလုပ်မီ ကစားသမားများအား COVID-19 ရောဂါကူးစက်ခံထားရခြင်းရှိ/မရှိစစ်ဆေးစေလျက်ရှိသည်။

ဆိုစီဒက်ကစားသမားများသည် လာမည့်တနင်္လာနေ့တွင်လည်း COVID-19 ရောဂါကူးစက်ခံထားရမှုရှိ/မရှိ ထပ်မံစစ်ဆေးခံရဦးမည်ဖြစ်သည်။

ပြီးခဲ့သည့်မေလတုန်းက ဆိုစီဒက်ဂိုးသမားအဲလက်စ်ရီမီရိုသည် COVID-19 ရောဂါကူးစက်ခံခဲ့ရဖူးပြီး နောက်ပိုင်းတွင် ပြန်လည်ကျန်းမာလာကာ အသင်းနှင့်အတူပြန်လည်လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။

Facebook Comments Box
Facebook Comment