
ကိုဗစ်တွေ့ခဲ့၍ ထရာအိုရေး စပိန်အသင်းနှင့် မပူးပေါင်းနိုင်သေး
ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းမှ တောင်ပံကစားသမား အဒါမာထရာအိုရေးသည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့၍ စပိန်လက်ရွေးစင်အသင်းနှင့် ပူးပေါင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ် ထရာအိုရေးသည် သက်တမ်းအလိုက် စပိန်လက်ရွေးစင်အသင်းများတွင် ကစားခဲ့ပြီး ယခု အခါ လက်ရွေးစင်နည်းပြ အင်းနရစ်က ဂျာမနီ၊ ယူကရိန်းတို့နှင့် ကစားမည့် နေးရှင်းလိဂ်ပွဲစဉ်များအတွက် ပထမ ဆုံး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်းပြုလုပ်သော ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မ ရှိ စစ်ဆေးမှုအတွင်း ၎င်းတွင် Positive တွေ့ခဲ့သောကြောင့် စပိန်အသင်းနှင့် ပူးပေါင်းနိုင်ခြင်း မရှိသေးပေ။
၎င်းကို ယနေ့တွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်ပြီး Negative ပြခဲ့ပါက စပိန်အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်ပြီး Positive ဆိုပါက လက်ရွေးစင်အသင်းတွင် ပထမဆုံးပါဝင်ခွင့်နှင့် လွဲချော်ရမည်ဖြစ်သည်။
ထို့အပြင် ၎င်းသည် ကျန်းမာရေး စည်းမျဉ်းစည်းကမ်းအရ တစ်ဦးတည်း ခွဲခြားနေထိုင်ရမည်ဖြစ်သောကြောင့် စက်တင်ဘာ ၁၄ ရက်တွင် ရှက်ဖီးယူနိုက်တက်နှင့် ကစားရမည့် ဝုဗ်၏ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်ကိုပါ လွဲ ချော်ရမည်ဖြစ်သည်။
လာမာစီယာအကယ်ဒမီထွက် ထရာအိုရေးသည် ဘာစီလိုနာအသင်းနှင့်အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့သူဖြစ်သော်လည်း အသင်းကြီးအတွက် ၁ ပွဲသာ ကစားခွင့်ရခဲ့ပြီး အက်စတွန်ဗီလာ၊ မစ်ဒယ်ဘရော့တို့တွင် ကစားကာ ၂၀၁၈ တွင် ဝုဗ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ယမန်နှစ်ရာသီက ဝုဗ်အတွက် ပြိုင်ပွဲစုံ ၆ ဂိုးသွင်းကာ အဆင့် ၇ နေ ရာရရှိစေရန် ကူညီပေးနိုင်ခဲ့သည်။
Ref:SkySports