ကိုဗစ်စိုးရိမ်နေရသော်လည်း ရုရှားတွင် ချဲလ်ဆီး လေ့ကျင့်ခန်းဆင်းမည်

ချဲလ်ဆီးသည် ရုရှားနိုင်ငံအတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးမှု မြင့်မားနေသော်လည်း ခရက်နိုဒါနှင့်ပွဲမတိုင်မီ ရုရှား၌ လေ့ကျင့်ခန်းဆင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ မြင့်မားနေပြီး မြို့အချို့တွင် ရင်ခွဲရုံ၌ အလောင်းများ ပျံ့လျှံနေကြောင်း သတင်းထွက်နေသည်။

ထို့ကြောင့် ဘိုင်ယန်မြူးနစ်သည် ယနေ့ညတွင် ကစားမည့် လိုကိုမိုးတစ်မော်စကိုနှင့် ချန်ပီယံလိဂ်ပွဲမတိုင်မီ ရုရှားတွင် လေ့ကျင့်ခန်း ဆင်းမည်မဟုတ်ချေ။ ၎င်းတို့သည် နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို ဂျာမနီတွင်ပင် ပြုလုပ်ကာ ပွဲကစားရန် နီးချိန်တွင်မှ ရုရှားသို့ သွားရောက် ကစားသွားမည် ဖြစ်သည်။

သို့ရာတွင် ချဲလ်ဆီးအသင်းမှာမူ ဗုဒ္ဓဟူးညတွင် ကစားမည့် ခရက်စ်နိုဒါနှင့်ပွဲအတွက် ယနေ့တွင် ရုရှားသို့ ထွက်ခွာမည် ဖြစ်သည်။

ချဲလ်ဆီးသည် လန်ဒန်မှ ရုရှားတောင်ပိုင်းသို့ ၅ နာရီကြာ လေယာဉ်ခရီး စီးနင်းပြီးနောက် ညနေပိုင်းတွင် ရောက်မည် ဖြစ်သည်။ ၎င်းတို့သည် ယနေ့ညနေပိုင်းတွင် ခရက်စ်နိုဒါကွင်းတွင် လေ့ကျင့်ခန်းဆင်းမည် ဖြစ်သည်။

သို့ရာတွင် ချဲလ်ဆီးအသင်း တာဝန်ရှိသူများသည် ကစားသမားနှင့်နည်းပြအဖွဲ့ဝင်များ ကိုဗစ်ကူးစက်မှု မဖြစ်စေရန်အတွက် ဟိုတယ်နှင့် လမ်းကြောင်းတို့အား အသေအချာ စီစစ်မှု ပြုလုပ်ထားပြီး ဖြစ်သည်။

ပုံမှန်အားဖြင့် ချဲလ်ဆီးသည် ချန်ပီယံလိဂ်ပွဲအတွက် နောက်ဆုံးလေ့ကျင့်ခန်းဆင်းမှုကို ကော့ဟမ်တွင်ပင် ပြုလုပ်လေ့ရှိသော်လည်း အချိန်အပြောင်းအလဲ ဖြစ်မှုကြောင့် အစီအစဉ်ပြောင်းလဲ လိုက်ရခြင်းလည်း ဖြစ်သည်။

သို့ရာတွင် ၎င်းတို့သည် ရုရှားနိုင်ငံတွင်း ကိုဗစ်ကူးစက်မှုအခြေအနေအပေါ်တွင် အထူးစိုးရိမ်စရာရှိနေသည်။

ရုရှားတွင် တနင်္လာနေ့တုန်းက ကိုဗစ်ကူးစက်မှုအသစ် ၁၇၃၄၇ အထိ ရှိနေပြီး ကူးစက်မှုစုစုပေါင်း တစ်သန်းခွဲကျော်သွားပြီ ဖြစ်သည်။ ခရက်စ်နိုဒါတွင် ကိုဗစ်ကူးစက်ခံရသူ ၁၃၇၉၀ အထိ ရှိနေရာ ဘိုင်ယန်မြူးနစ်မှာ ရုရှားတွင် လေ့ကျင့်ခန်းမဆင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ခရက်စ်နိုဒါသည် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် ရန်းနက်စ်နှင့် တစ်ဂိုးစီသရေကျထားသည်။ ချဲလ်ဆီးမှာလည်း စတမ်းဖို့ဒ်ဘရစ်ချ်တွင် ဆီဗီလာနှင့် ဂိုးမရှိသရေကျထားသည်။

Facebook Comments Box
Facebook Comment