ကိုဗစ်စည်းမျဉ်းလိုက်နာရန် အင်္ဂလန်စတားများကို ဆောက်ဂိတ် ပြောကြား

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်သည် အင်္ဂလန်ကစားသမားများနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

အင်္ဂလန်စတားများ ဖြစ်ကြသည့် ဘင်ချဲလ်ဝဲလ်၊ ဂျာဒွန်ဆန်ချို၊ တမ်မီအေဘရာဟမ်တို့သည် ပြီးခဲ့သည့်စနေနေ့က လူ ၂၀ ဦးခန့်ပါဝင်သည့် အေဘရာဟမ်၏ပါတီပွဲတွင် ပါဝင်ကာ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းကို ချိုးဖောက်မှုကြောင့် ဝေးလ်နှင့်ခြေစမ်းပွဲတွင် ပါဝင်လာကြဖွယ် မရှိချေ။ ချဲလ်ဆီး တိုက်စစ်မှူးအေဘရာဟမ်သည် အထက်ပါ ဖြစ်ရပ်နှင့်ပတ်သက်၍ လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်ခဲ့ပြီးလည်း ဖြစ်သည်။ သို့ရာတွင် ၎င်းသည် လူခြောက်ဦးထက် မစုရ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းကို ချိုးဖောက်မှုကြောင့် ပေါင် ၁၀၀၀၀ အထိ ဒဏ်ရိုက်ခံနိုင်သည့် အခြေအနေတွင် ရှိနေသည်။

လက်စတာ တိုက်စစ်မှူးဟာဗေးဘန်းစ်က “ အဖြစ်အပျက်က ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ အတိအကျ မသိတော့ ဒါနဲ့ပတ်သက်ပြီး မပြောကြပါဘူး။ ဒါပေမယ့် မနေ့ကတော့ တွေ့ဆုံစကားပြောမှုပြုလုပ်ခဲ့ပါတယ်။ လက်ရွေးစင်အတွက် ကစားတဲ့အချိန်မှာ ကွင်းတွင်း/ကွင်းပြင် ဘယ်လို ပြုမူ နေထိုင်ရမယ်ဆိုတာပြောကြားခဲ့ပါတယ်။ ဂရေမီ(နည်းပြ)ချည်းဘဲ ပြောခဲ့တာ မဟုတ်ပါဘူး။ ကစားသမားတွေဘက်ကလည်း ပြောခဲ့ကြတာ ရှိပါတယ်။ ကျွန်တော်တို့အားလုံး အတူတူ လုပ်ဆောင်ရပါမယ်”ဟု ပြောကြားခဲ့သည်။

မန်ယူစတား မာဆင်ဂရင်းဝုဒ်၊ မန်စီးတီး ဖီးလ်ဖိုဒန်တို့သည် ပြီးခဲ့သည့်လက အိုက်စလန်နှင့်ပွဲတွင် အင်္ဂလန်အတွက် ပထမဆုံးပွဲကို ကစားခွင့် ရရှိပြီးနောက် အသင်းတည်းခိုရာ ဟိုတယ်သို့ အိုက်စလန်သူ နှစ်ဦးကို ခေါ်ယူကာ ကွာရန်တေး စည်းမျဉ်း ချိုးဖောက်မှုကြောင့် အိမ်ပြန်ပို့ခြင်းခံခဲ့ရသည်။

အင်္ဂလန်သည် ကြာသပတေးနေ့တွင် ဝင်ဘာလေကွင်း၌ ဝေးလ်ကို ရင်ဆိုင်ပြီးနောက် Nations League ပွဲစဉ်များအဖြစ် ဘယ်လ်ဂျီယံ၊ ဒိန်းမတ်တို့နှင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

အင်္ဂလန်သည် နောက်ဆုံးငါးပွဲဆက် ရှုံးပွဲမရှိသေးသည့်အပြင် ပေးဂိုးလည်း မရှိထားသည့်အသင်း ဖြစ်သည်။ ၎င်းတို့ နောက်ဆုံးရှုံးပွဲကြုံတွေ့ခဲ့သည်မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတုန်းက ချက်ကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

Facebook Comments Box
Facebook Comment