ကိုဗစ်စည်းမျဉ်းချိုးဖောက်မှုကြောင့် ထောင်ခြောက်လကျခံရနိုင်တဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဂျိူဗစ်

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးလူကာဂျိူဗစ်သည် ထောင်ခြောက်လကျခံနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။ ဆားဘီးယားတိုက်စစ်မှူးသည် Lockdown စည်းမျဉ်းကို ချိုးဖောက်မှုကြောင့် ထောင်ဒဏ် ၆ လ ကျခံရနိုင်သည့် အခြေအနေတွင် ရှိနေခြင်း ဖြစ်သည်။

El Partidazo de Cope ၏ ဖော်ပြချက်အရ ဆားဘီးယားစုံစမ်းစစ်ဆေးရေးမှူး များက စပိန်မှ ဆားဘီးယားသို့ ပြန်လာစဉ် ကိုဗစ်စည်းမျဉ်းကို လိုက်နာမှု မရှိသည့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကို ထောင်ဒဏ် ၆ လချမှတ်ရန် တရားရုံးလျှောက်ထားကြောင်း သိရသည်။

အသက် ၂၂ နှစ်ရှိ ဂျိုဗစ်သည် ကိုယ်ဝန်လွယ်ထားရသည့် ချစ်သူ ဆာဖီဂျာမီလိုဆီဗိုကို ကြည့်ရှုရန် မက်ဒရစ်မှ ဘဲလ်ဂရိတ်သို့ သွားရောက်ခဲ့သည်။ ၎င်းတို့စုံတွဲသည် ဆားဘီးယားမြို့တော် ဘဲလ်ဂရိတ်တွင် အတူလည်ပတ်စဉ် ရိုက်ကူးထားသည့် ဓာတ်ပုံများစွာတို့ကို ဆိုရှယ်မီဒီယာတွင် တင်ခဲ့ကြသည်။

ဂျိူဗစ်၏ ဖခင်ဖြစ်သူကမူ သားဖြစ်သူမှာ ကိုဗစ်စစ်ဆေးမှု နှစ်ကြိမ် Negative ထွက်ပြီးမှ ဆားဘီးယားသို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း၊ သားဖြစ်သူသာ အပြစ်တကယ်ရှိလျှင် မည်သည့် အရေးယူမှုကိုမဆို လက်ခံကြောင်း၊ သို့ရာတွင် သားဖြစ်သူမှာ ဘဲလ်ဂရိတ်သို့ ရောက်လာပြီးနောက် အိမ်တွင်ပင် နေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ထို့အပြင် ၎င်းက ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ဓာတ်ပုံများမှာ စပိန်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံများသာ ဖြစ်ကြောင်း ပြောကြားသွားသည်။  

Facebook Comments Box
Facebook Comment