ကိုဗစ်ဂယက်နှင့် အကြွေးများကြောင့် စားသောက်ဆိုင် ပိတ်လိုက်ရတဲ့ မာတာ

မန်ယူကွင်းလယ်လူ ဟွမ်မာတာသည် မန်ချက်စတာမြို့၏ နာမည်ကျော် ဒင်းစ်ဂိတ်ဧရိယာအတွင်း ၄ နှစ်ကြာ ဖွင့်လှစ်လာသည့် စားသောက်ဆိုင်ကို ကိုရိုနာဗိုင်းရပ်စ်ဂယက်၊ ကြွေးမြီများ ထူပြောလာခြင်းများကြောင့် ပိတ်သိမ်းလိုက်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အသက် ၃၂ နှစ်အရွယ် စပိန်လက်ရွေးစင် မာတာသည် Tapeo and Wine ဟု အမည်ပေးထားသော စားသောက်ဆိုင်ကို မိသားစုနှင့်အတူ ၂၀၁၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အစားအ သောက်များ သန့်ရှင်းလတ်ဆတ်ရုံမက ဝိုင်ကလည်း နာမည်ကျော်သည်။

စတင်ဖွင့်လှစ်သည့်နှစ်မှာပင် မာတာ၏ မန်ယူနှင့် စပိန်အသင်းကစားဖော် ဟာရဲရားနှင့် ဒီဂီယာတို့က Tapeo and Wine စားသောက်ဆိုင်တွင် ပါတီပေးခဲ့ပြီး မြို့ခံပြိုင်ဘက် မန်စီးတီးကလည်း ခရစ္စမတ်ပါတီအတွက် ၎င်း၏ဆိုင်တွင် ပြုလုပ်ပေးခဲ့သည်။

သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ဆိုင်ပိတ်ထားရသလို အကြွေးများလည်း များလာသောကြောင့် ယမန်နေ့မှစကာ ဆိုင်ကို ပိတ်သိမ်းခဲ့သည်။

Lockdown ကာလအတွင်း ဆိုင်ပိတ်ထားကာ အစားအသောက်များကို Delivery ဖြင့် လိုက်လံပို့ ဆောင်ပေးလျက်ရှိသော်လည်း စက်တင်ဘာ ၁၅ ရက်မှစ၍ လုံးဝပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

မာတာ၏ စားသောက်ဆိုင်သည် အွန်လိုင်းတွင် စားသုံးသူများ၏ အပြုသဘောဆောင်သည့် သုံးသပ်ချက်များ ရရှိခဲ့သော်လည်း ယခုနှစ် အစောပိုင်းအတွင်း ထုတ်ပြန်သောစာရင်းအရ ၂၀၁၈ ခုနှစ်အတွင်း အကြွေး ၇၇၂၀၈၆ ပေါင် ရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ပမာဏမှာ ၂၀၁၇ ခုနှစ်တွင် တင်ရှိသော အကြွေး ၅၉၃၅၄၈ ထက် ပိုမိုများပြားလာခြင်းဖြစ်ပြီး ကိုရိုနာကပ်ဆိုးကပါ ထပ်မံရိုက်ခဲ့သောကြောင့် ဆိုင်ပိတ်ရသည်အထိ ဆိုးရွားခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်သော ဆိုင်ပိတ်သိမ်းခြင်း ကြေညာချက်တွင် “စပိန် အစားအစာတွေကို သင်တို့ထံ ယူဆောင်လာဖို့ ကြိုးစားခဲ့ပြီးနောက် အစားအစာ၊ သောက်စရာတွေရောင်းချ ပေးနေတဲ့ ဝန်ဆောင်မှုကို ၅ နှစ်အကြာမှာ စိတ်မကောင်းစွာနဲ့ ပိတ်သိမ်းပါတော့မယ်။ ဒီဆုံးဖြတ်ချက်ကို အချက်ပေါင်းများစွာရဲ့ရလဒ်တွေကြောင့် ဆုံးဖြတ်လိုက်ရတာဖြစ်ပြီး ကျွန်တော်တို့နဲ့ အတူ ပျော်ပျော်ရွှင်ရွှင် လာရောက်ပူးပေါင်းခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်” ဟု ပါရှိသည်။

Ref:The Sun

Facebook Comments Box
Facebook Comment