ကိုဗစ်ကူးစက်သူ ပမာဏ မြင့်တက်နေ၍ ရာသီစတင်ပြီး နှစ်ပတ်အကြာတွင်ပင် စီးရီးအေပြိုင်ပွဲကို ရပ်ဆိုင်းရဖွယ်ရှိနေ

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ပမာဏမြင့်တက်လာမှုနှင့်အတူ စီးရီးအေပြိုင်ပွဲမှာ ရာသီသစ် စတင်ပြီး နှစ်ပတ်အကြာတွင်ပင် ရပ်ဆိုင်းရမည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

အီတလီနိုင်ငံတဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမြင့်တက်နေသလို စီးရီးအေကလပ်များတွင် ကူးစက်မှုမှာလည်း မြင့်တက်နေသည်။ လက်ရှိအချိန်တွင် ဂျီနိုအာတစ်သင်းတည်းတွင်ပင် ကစားသမားနှင့်နည်းပြအဖွဲ့ဝင် ၁၄ ဦးအထိ ကူးစက်ခံထားရသည်။

လက်ရှိအချိန်တွင် အီတလီအစိုးရနှင့် အားကစားဝန်ကြီးဌာနတို့သည် စီးရီးအေတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု မြင့်တက်နေမှုအား မည်သို့ လျှော့ကျလာအောင် လုပ်ရမည်ကို ဆွေးနွေးနေသည်။ ၎င်းတို့၏ ဆွေးနွေးမှုတွင် စီးရီးအေပြိုင်ပွဲကို ရပ်ဆိုင်းရန်လည်း ပါဝင်နေသည်။ သို့ရာတွင် လက်ရှိအချိန်တွင် ၎င်းတို့သည် စီးရီးအေပြိုင်ပွဲကို ရပ်ဆိုင်းရန် မစဉ်းစားသေးချေ။

အီတလီသည် မတ်လတုန်းက ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးမှု အများဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိန်းချု်ပလာမှုနှင့်အတူ ပြဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ ပြန်ဖွင့်ခွင့်ပေးကာ ဖြေလျှော့မှုများကို လျှော့ချခဲ့သည်။

သို့ရာတွင် ယခုလမှ စတင်၍ အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်နေ့ တခြား မြင့်တက်နေပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တုန်းက ကူးစက်သူအသစ် ၁၇၆၆ အထိ တွေ့ရှိခဲ့သည်။

ထို့ကြောင့် အီတလီအားကစားဝန်ကြီးဌာနသည် လက်ရှိပမာဏအတိုင်း ကူးစက်မှု ဆက်လက်မြင့်တက်နေပါက ဘောလုံးပွဲများကို ရပ်ဆိုင်းရန် စဉ်းစားနေကြပြီ ဖြစ်သည်။

သို့ရာတွင် စီးရီးအေအတွက် အကောင်းဆုံးအခါသင့် ဖြစ်လာသည်မှာ လာမည့် အောက်တိုဘာလတွင် နိုင်ငံတကာပွဲများကြောင့် လိဂ်ပွဲကို နှစ်ပတ်အထိ ရပ်နား နိုင်မည့် အခြေအနေနှင့် ကြုံနေရခြင်း ဖြစ်သည်။

ယင်းသို့ လိဂ်ရပ်နားလိုက်မှုကြောင့် ကူးစက်သူပမာဏကို လျှော့ချလာနိုင်မည် ဖြစ်သော်လည်း ကစားသမားများ နိုင်ငံခြားမှ ပြန်လာချိန်တွင် ရောဂါ တပါတည်း ပါဝင်လာပြီး ကူးစက်မှု ပိုမို မြင့်မားလာမည်ကိုလည်း စိုးရိမ်နေရသည်။

Facebook Comments Box
Facebook Comment