ကိုဗစ်ကူးစက်မှုမြင့်မားနေ၍ အနည်းဆုံး ဒီဇင်ဘာလအထိ ဘွန်ဒက်စ်လီဂါပွဲစဉ်များ တံခါးပိတ် ကစားရမည်

ဂျာမနီနိုင်ငံအတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံသူ ပမာဏမြင့်တက်လာမှုကြောင့် လာမည့် နိုဝင်ဘာလ ၂ ရက်နေ့မှ စတင်၍ ဘွန်ဒက်စ်လီဂါပွဲစဉ်များကို တံခါးပိတ် ကစားရတော့မည် ဖြစ်ကြောင်း သိရသည်။ ဂျာမန်အဓိပတိအန်ဂျီလာမာ ကယ်နှင့် ပြည်နယ် ၁၆ ခုတို့မှ ခေါင်းဆောင်တို့သည် ဗုဒ္ဓဟူးနေ့တုန်းက ဆွေးနွေးမှု ပြုလုပ်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသစ် မြင့်မားလာပြီးနောက် နိုင်ငံတွင်း ကန့်သတ်မှု အသစ်များ ပြုလုပ်လာခဲ့သည်။

ဂျာမနီအာဏာပိုင်တို့၏ ကန့်သတ်မှုသစ်ကြောင့် မည်သည့် ပရော်ဖက်ရှင် အားကစားပြိုင်ပွဲကိုမျှ ပရိသတ် ဝင်ရောက်ကြည့်ခွင့် ရမည်မဟုတ်တော့ချေ။

ဘွန်ဒက်စ်လီဂါကလပ်များသည် ၂၀၁၉-၂၀ ရာသီသိမ်း ပွဲစဉ်များကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် တံခါး ပိတ်ကစားခဲ့ရပြီးနောက် ၂၀၂၀-၂၁ ရာသီတွင် ဒေသခံ အာဏာပိုင်နှင့် ညှိနှိုင်းမှု ပြုလုပ်ကာ ပရိသတ်များအား လုံခြုံရေးစည်းမျဉ်းများနှင့်အညီ ကွင်းအတွင်း အရေအတွက် အကန့်အသတ်ဖြင့် ကြည့်ခွင့်ပေးခဲ့သည်။

ဘွန်ဒက်စ်လီဂါပွဲစဉ်များတွင် ဒေါ့မွန်နှင့်ဖရိုင်းဘတ်၏ ပွဲစဉ်ကို ပရိသတ် ၁၁၅၀၀ အထိ လာရောက်ကြည့်ခဲ့သည်။ သို့ရာတွင် ဘိုင်ယန်မြူးနစ်အပါအဝင် ကလပ်အချို့တို့မှာ အသင်းဧရိယာအတွင်းတွင် ကိုဗစ် ကူးစက်ခံရမှု မြင့်မားနေမှုကြောင့် ပွဲများကို တံခါးပိတ်ကစားလာခဲ့သည်။

ဒေါ့မွန်စီမံခန့်ခွဲရေးမန်နေဂျာ ဟန်ဂျိုးအာချမ်ဝစ်ဇ်ကီက အစိုးရ၏ ဆုံးဖြတ်ချက်ကို လက်ခံကြောင်း၊ သို့ရာတွင် ပရိသတ်များမှာ ကွင်းအတွင်းတွင် လုံခြုံမှုအပြည့်အစုံဖြင့် ပွဲကြည့်နေရခြင်း ဖြစ်ကြောင်း ပြောကြားသွားသည်။

ဂျာမနီအစိုးရသည် လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေကို ဆန်းစစ်မှု ပြုလုပ်ကာ နောက်ထပ် ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်သော်လည်း ယခုကန့်သတ်မှုအသစ်မှာ အနည်းဆုံး ဒီဇင်ဘာလ ၁ ရက်နေ့အထိ ရှိဖွယ်ရှိနေသည်။

လက်ရှိအချိန်တွင် ဘွန်ဒက်စ်လီဂါပွဲစဉ် ၅ အပြီးတွင် လိုက်ဇစ်က ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး လီဝန်ဒေါ့စကီးက သွင်းဂိုး ၁၀ ဂိုးဖြင့် ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေသည်။  

Facebook Comments Box
Facebook Comment