ကိုဗစ်ကူးခံထားရစဉ် တူရင်သို့ ပြန်လာသည့် ရော်နယ်ဒိုမှာ ကိုဗစ် စည်းမျဉ်း ချိုးဖောက်မှု ဖြစ်နိုင်ကြောင်း အီတလီအားကစားဝန်ကြီးပြောကြား

အီတလီအားကစားဝန်ကြီး ဗင်းဆင့်ဇိုစပါဒါဖိုရာက COVID-19 ကူးစက်ခံထား ရသည့် ခရစ္စတီယာနိုရော်နယ်ဒို၏ တူရင်သို့ ပြန်လာမှုမှာ ကိုဗစ်စည်းမျဉ်း ချိုးဖောက်မှု ဖြစ်နိုင်ကြောင်း ပြောကြားလိုက်သည်။

Ballon d’Or ဆုကို ငါးကြိမ် ဆွတ်ခူးထားသည့် ခရစ္စတီယာနိုရော်နယ်ဒိုသည် ပေါ်တူဂီနှင့်အတူ နိုင်ငံတကာပွဲ ကစားစဉ်အတွင်း COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် သီးသန့်နေထိုင်ခဲ့ရသည်။ သူသည် စပိန်၊ ပြင်သစ်တို့နှင့်ပွဲတို့တွင် ကစားပြီးနောက် COVID-19 တွေ့ရှိခဲ့ရခြင်း ဖြစ်ပြီး ဆွီဒင်အား ၃-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲကို လွဲချော်ခဲ့သည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် COVID-19 ကူးစက်မှုကြောင့် ပေါ်တူဂီတွင်ပင် သီးသန့်နေထိုင်ရမည် ဖြစ်သော်လည်း ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် အီတလီသို့ သီးသန့်လေယာဉ်ဖြင့် ပြန်လာခဲ့သည်။

စပါဒါဖိုရာက “ကျန်းမာရေးအာဏာပိုင်တွေရဲ့ခွင့်ပြုချက်မယူဘူးဆိုရင်တော့ သူက စည်းမျဉ်းချိုးဖောက်လိုက်တာပါ”ဟု ပြောကြားသွားသည်။

ဂျူဗင်တပ်ကမူ ခရစ္စတီယာနိုရော်နယ်ဒိုမှာ အာဏာပိုင်တို့၏ ခံပြုချက်ဖြင့် အထူးလေယာဉ်ဖြင့် တူရင်သို့ ရောက်လာခြင်းဖြစ်ပြီး နေအိမ်တွင် ဆက်လက်သီးသန့်နေထိုင်နေကြောင်း ကြေညာထားသည်။

ထို့အပြင် ဂျူဗင်တပ်ဥက္ကဌအင်ဒရေအက်ဂနယ်လီကလည်း မည်သည့်စည်းမျဉ်းကိုမျှချိုးဖောက် လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း တုံ့ပြန်ထားသည်။

အက်ဂနယ်လီက “ပြည်ထဲရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနဆီကို ဖုန်းဆက်မေး ကြည့်လိုက်ပါ။ ဘယ်စည်းမျဉ်းကို ချိုးဖောက်ခဲ့လဲ ရှင်းပြခိုင်းလိုက်ပါ”ဟု တုံပြန်သွားသည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် ကွာရန်တင်းဝင်နေရမှုကြောင့် ခရိုတုန်း၊ ဗီရိုနာတို့နှင့် ပြည်တွင်းပွဲစဉ်များကို လွဲချော်မည့်အပြင် ဒိုင်နမိုကိဗ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်း လွဲချော်မည် ဖြစ်သည်။ ၎င်းသည် မဟာပြိုင်ဘက် မက်ဆီ၏ ဘာစီလိုနာနှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲတွင်မူ ပါဝင်လာနိုင်ဖွယ် ရှိနေသည်။

Facebook Comments Box
Facebook Comment