ကိုင်ဟာဗတ်ဇ်ကို ပေါင်သန်း ၇၀ ဖြင့် ၅ နှစ်စာချုပ်ချုပ်ဆိုလိုက်သည့် ချဲလ်ဆီး

ချဲလ်ဆီးသည် လေဗာကူဆင်မှ ဂျာမနီလက်ရွေးစင် အလယ်တန်း တိုက်စစ်သမား ကိုင်ဟာဗတ်ဇ်အား ပေါင် ၇၁ သန်းဖြင့် ၅ နှစ်စာချုပ်ချုပ်ဆိုလိုက်နိုင်ပြီဖြစ်သည်။

ဂျာမနီလက်ရွေးစင်သည် လေဗာကူဆင်အတွက် ၁၁၈ ပွဲကစားခဲ့ရာတွင် ၃၆ ဂိုးသွင်းယူပြီး ၂၅ ကြိမ် ဖန်တီးပေးနိုင်ခဲ့သည်။

သူသည် ချဲလ်ဆီးကလပ်သမိုင်းတွင် ဒုတိယပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမားဖြစ်လာခဲ့သည့် ဂျာမနီဘောလုံးသမိုင်းတွင် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ဂျာမန်ကစားသမားဖြစ်လာခဲ့သည်။ ချဲလ်ဆီး၏ပြောင်းရွှေ့ကြေး အမြင့်မားဆုံးကစားသမားအဖြစ် အာရီဇာဘာလာဂါက ပြောင်းရွှေ့ကြေးပေါင် ၇၁.၆ သန်းဖြင့် ရပ်တည်နေပါသည်။

ဟာဗတ်ဇ်က “ဒီကို ပြောင်းလာရလို့ အရမ်းပျော်တယ်။ ဂုဏ်လည်း ယူတယ်။ ချဲလ်ဆီးလို ထိပ်သီးကလပ်တစ်ခုမှာ ကစားဖို့ အိပ်မက် တကယ် ဖြစ်လာပါပြီ” ဟု ပြောကြားခဲ့သည်။

ချဲလ်ဆီးသည် ဟာဗတ်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်းအပြင် ခြေစွမ်းနှင့် အောင်မြင်မှုအပေါ် မူတည်ကာ အပိုဆုကြေးများ ထပ်မံပေးရဦးမည် ဖြစ်သည်။

ချဲလ်ဆီးဒါရိုက်တာ မာရီနာဂရာနိုစကာယာက “ကိုင်က ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးပါ။သူ့အနာဂတ် ချဲလ်ဆီးမှာ ရှိနေမှာ ဖြစ်လို့ အရမ်းဝမ်းသာရပါတယ်။ သူ့မှာ တကယ့်ပါရမီရှင်ကစားသမားဖြစ်ပါတယ်။ သူ့လို နေရာစုံကစားပြီး အရည်အသွေးရှိတဲ့ သူကို ရာသီမစခင် အားဖြည့်နိုင်လို့ ပျော်ရပါတယ်”ဟု ပြောကြားသွားခဲ့သည်။

အသက် ၂၁ နှစ်ရှိ ဟာဗက်ဇ်ဟာ ယခုနွေရာသီမှာ ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်၏ ၇ ဦးမြောက် ခေါ်ယူမှုလည်း ဖြစ်သည်။

လမ်းပတ်သည် ဟာဗတ်ဇ်မတိုင်မီ ဝါနာ၊ ဇီယက်ချ်၊ အမ်ဘူယမ်ဘာ၊ မာလန်းဆား၊ ဘင်ချဲလ်ဝဲလ်၊ တီယာဂိုဆေးလ်ဗားတို့အား ခေါ်ယူခဲ့ပြီး ဖြစ်သည်။

ဆားမှာမူ အငှားချခြင်းခံရမည်ဖြစ်ပြီး အမ်ဘူယမ်ဘာမှာ ချဲလ်ဆီးယူ-၂၃ အသင်းတွင် ကစားရမည်ဖြစ်သည်။

ဟာဗတ်ဇ်သည် လေဗာကူဆင်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၉-၂၀ ရာသီတုန်းက ၄၅ ပွဲတွင် ၁၈ ဂိုးသွင်းနိုင်ခဲ့သည်။ သူသည် ဇွန်လတွင် ဘောလုံးပွဲများ ပြန်လည်စတင်ပြီးနောက် ၁၁ ပွဲတွင် ၈ ဂိုးသွင်းနိုင်ခဲ့သည်။

ချဲလ်ဆီးသည် လာမည့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဘရိုက်တန်အား အဝေးကွင်းသို့ သွားရောက်ကာ ပရီးမီးယားလိဂ် အဖွင့်ပွဲကစားရမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment