ကိုကူးထုတ်ပယ်ခြင်းခံရပြီးနောက် ဒါဘီကောင်တီယာယီနည်းပြဖြစ်လာသည့် ဝိန်းရွန်းနီ

ဝိန်းရွန်းနီသည် ဒါဘီကောင်တီအသင်းနည်းပြအဖြစ်မှ ဖီးလစ်ပီကိုကူး ထုတ်ပယ်ခြင်းခံရပြီးနောက် အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ရန် ကမ်းလှမ်းမှုကို လက်ခံလိုက်သည်။ သို့ရာတွင် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်းနီသည် ဒါဘီကောင်တီ၏ အမြဲတမ်းနည်းပြအဖြစ် ကိုင်တွယ်ခွင့် ရရှိမည်မဟုတ်ချေ။

အသက် ၃၅ နှစ်ရှိ ရွန်းနီသည် လာမည့်စနေနေ့တွင် ဘရက်စတိုးစီးတီးနှင့် ကစားရမည့် ပွဲစဉ်ကို ယာယီနည်းပြအဖြစ် ဂျပ်စတင်ဝေါလ်ကား၊ ရှေးဂစ်ဗင်း၊ လီယမ်ရိုစီနီယာတို့နှင့်အတူ ပူးတွဲ ကိုင်တွယ်သွားမည် ဖြစ်သည်။

ဒါဘီကောင်တီသည် ဒတ်ချ်လူမျိုးနည်းပြကိုကူး၏ နေရာတွင် အသင်းကို ချန်ပီယံရှစ်မှ ပရီးမီးယားလိဂ်သို့ တင်ပို့ပေးနိုင်မည့် အတွေ့အကြုံရင့် နည်းပြတစ်ဦးကိုသာ ခန့်အပ်လိုနေသည်။

ဘုန်းမောက်နည်းပြဟောင်းအက်ဒီဟိုဝီမှာ ဒါဘီကောင်တီ၏ လစ်လပ်နေသည့် နည်းပြရာထူးအတွက် ရေပန်းစားနေသည့်သူများထဲတွင် ထိပ်ဆုံးမှ ပါဝင်နေသည်။ ထို့အပြင် ချဲလ်ဆီးနည်းပြဟောင်းဒီမက်တီယို၊ ရီးဒင်းနည်းပြဟောင်းမက်ဒါမော့၊ ဆောက်သမ်တန် နည်းပြနီဂယ်အက်ကင်နှင့် အင်္ဂလန်နည်းပြဟောင်းစတိဗ်မက္ကလာရင်တို့မှာလည်း လျာထားစာရင်းတွင် ပါဝင်သည်။

ဒါဘီကောင်တီသည် ယခုရာသီတွင် ချန်ပီယံရှစ် ၁၁ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရရှိခဲ့ထားသည်။ ဒါဘီသည် နော့ဝှစ်ချ်ကို ဝိန်းရွန်းနီ၏ နောက်ကျဖရီးကစ်ဂိုးကြောင့် ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် တစ်ပွဲတည်းသာ အနိုင်ရထားခြင်း ဖြစ်သည်။

ဝိန်းရွန်းနီသည် ဒါဘီကောင်တီသို့ နည်းပြ/ကစားသမားအဖြစ် ရောက်လာခဲ့သော်လည်း နည်းပြ ရာထူးအား လက်ခံရန် အတွေ့အကြုံမရှိသည့်အပြင် နည်းပြလိုင်စင်လည်း မရှိချေ။

လက်ရှိအချိန်တွင် ဒါဘီကောင်တီ၏အသင်းလေ့ကျင့်ခန်းအစီအစဉ်များကို ဝိန်းရွန်းနီက ဦးဆောင်လုပ်ဆောင်နေသော်လည်း ဒါဘီနည်းပြအဖွဲ့တွင် ရိုစီနီယာမှာ အတွေ့အကြုံအများဆုံး ဖြစ်သည်။

Facebook Comments Box
Facebook Comment